Friday, February 26, 2016

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်သို့ အိတ်ဖွင့်ပေးစာ

၁၅-၂-၂၀၁၆ နေ့ထုတ် မြန်မာ့အလင်း
သတင်းစာတွင် ပါမောက္ခဒေါက်တာအောင်
ထွန်းသက်၏ ''ကျွန်တော်နဲ့ ကောင်းမွန်သော 
စီမံအုပ်ချုပ်မှု''ဟု ခေါင်းစီးတပ်၍ရေးသား
ထားသော ဆောင်းပါးကို ဖတ်ခဲ့ရပါသည်။ ၎င်း ဆောင်းပါတွင်ပါရှိသော
 ဒေါက်တာအောင်ထွန်းသက် ဖော်ပြထားသည်များမှာ-
''အင်္ဂလိပ်၊ မြန်မာဘာသာစကား အသုံး အနှုန်းတွေကို သတိထားပြီး အသုံးပြုသင့်ပါတယ်။ အထူးသဖြင့် ပညာရပ်ဆိုင်ရာ ဝေါဟာရတွေကို ဘာသာပြန်တဲ့အခါ အင်္ဂလိပ်စာနဲ့ မြန်မာစာကို သိနားလည်ရုံနဲ့ မလုံ လောက်ဘဲ စကားလုံးရဲ့ အနှစ်သာရကိုပေါ်လွင်အောင် ဖော်ထုတ် ရမှာ ဖြစ်တယ်။ ဥပမာပြောရရင် Governance ဆိုတဲ့ စကားလုံး၊ ဒါကို ခပ်လွယ်လွယ် အုပ်ချုပ်မှုလို့ မြန်မာပြန်လိုက်ရင် Governance အစား administration ဖြစ်သွားပါတယ်။ Governance ကို စီမံအုပ်ချုပ်မှုလို့ သုံးရင်ပိုပြီး ဆီလျော်ပါတယ်။ ဒီလိုပါပဲ corporate ဆိုတဲ့ စကားကို ခပ်လွယ်လွယ်စီးပွားရေးလုပ်ငန်းလို့ သုံးကြတယ်။ အမှန်တော့ corporate ဆိုတာ တရားဝင် ဖွဲ့စည်းတည်ထောင်ထားတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဒါကြောင့် နိုင်ငံပိုင်အဖွဲ့အစည်းတွေ ပါဝင်နိုင်သလို အရပ် ဘက်အဖွဲ့အစည်းလို့လည်း စဉ်းစားနိုင်ရမှာဖြစ်တယ်။ စီးပွားရေးလုပ်ငန်းများသာ ဖြစ်ကြောင်း စဉ်းစား လို့မဖြစ်ပါဘူး''ဟု ရေးသားခဲ့ပါသည်။
ဤနေရာတွင် ပါမောက္ခဒေါက်တာအောင်ထွန်းသက်မှ Governance အား ခပ်လွယ်လွယ် အုပ်ချုပ်မှုလို့ မြန်မာ ပြန်လိုက်ရင်ဟူသော စကားရပ်နှင့်ပတ်သက်၍ ဒေါက်တာဘဟန်၏ THE UNIVERSITY ENGLISH BURMESE DICTIONARY တွင် ထို Governance ဆိုသော စကားလုံးနှင့်ပတ်သက်၍ ဘာသာပြန်ထားသည်မှာ-
Governance - n (Archaic) I အုပ်ချုပ်ခြင်း-မှု၊ စိုးမိုး-ခြင်း-မှု အစိုးရ (Here new settlers were admitted to the freedom of the township and bye-laws framed and headman and tithing man or chosen for its-2) အမူအရာ၊ အမူအကျင့်ဟု ဘာသာပြန် ထားပါသည်။
ဒေါက်တာဘဟန်ဟူသော ပုဂ္ဂိုလ်သည် မည်သို့သောပုဂ္ဂိုလ်အမျိုးအစားဖြစ်သည်ကို မဖော်ပြလိုပါ။ သို့သော် လည်း လူကြီးမင်း၏ဆောင်းပါးတွင် ပါရှိသည့် ခပ်လွယ်လွယ်ဘာသာပြန်လျှင်ဟူသော စကားနှင့်ပညာရပ် ဆိုင်ရာ ဝေါဟာရတွေကို ဘာသာပြန်တဲ့အခါ အင်္ဂလိပ်စာနှင့် မြန်မာစာ သိနားလည်ရုံနဲ့ မလုံလောက်ဘဲ သတိ ထားအသုံးပြုသင့်ကြောင်း ရေးသားထားမှုမှာ ဒေါက်တာဘဟန် ပြုစုထားသည့်ကျမ်းကြီးမှာ ခပ်လွယ်လွယ် သဘောမပေါက်ဘဲ ရေးသားထားသကဲ့သို့ ဖြစ်နေပါသည်။
ဥပဒေပညာရပ်တွင် မိမိသုံးနှုန်းထားသည့် အသုံးအနှုန်းမှာ မည်သည့်အထောက်အထား အကိုးအကားဖြင့် သုံးကြောင်း ဖော်ပြရပါသည်။ မိမိထင်မြင်ချက်ကို ခိုင်မာသည်၊ မှန်သည်ဟူ၍ မဆိုစကောင်းပါ။

Governance ဆိုသော စကားရပ်နှင့်ပတ်သက်၍ CONCISE OXFORD DICTIONARY OF POLITICS အား တည်းဖြတ် သည့် IAIN MCLEAN နှင့်ALISTAIR MC MILIA - THIRD EDITION တွင် Governance- The process of collective decision making and policy implementation, used distinctly from government to reflect broader concern with norms and processes relating to the delivery of public goods.... အစရှိသဖြင့် ထိုစကားလုံး၏ အဓိပ္ပာယ်ကို ဖော်ပြထားပါသည်။

အလားတူ THE NEWLEXICON WEBSITER'S ENCYCLOPEDIC DICTIONARY OF THE ENGLISH LANGUAGE ၌ -
Governance နှင့်ပတ်သက်၍ အဓိပ္ပာယ်ဖော်ပြထားရာတွင် control, authority, a matter outside his governance ဟူ၍ ဖြစ်ပါသည်။ ထို့ပြင် Learners dictionary တွင်-
Governance နှင့်ပတ်သက်၍ အဓိပ္ပာယ်ဖော်ပြထားသည်မှာ act, fact, manner of governing, sway, control ဟူ၍ ဖြစ်ပါသည်။ သို့ဖြစ်ရာ လူကြီးမင်းမှ အနှစ်သာရပေါ်လွင်အောင် ဘာသာပြန်သည့် စီမံအုပ်ချုပ်မှုဟူသော ဘာသာပြန်ဆိုမှုမှာ ပို၍အဓိပ္ပာယ်ပေါ်လွင်သည်၊ မှန်သည်ဟု ဆိုနိုင်ပါမည်လောဆိုသည်မှာ စဉ်းစားဖွယ်ရာ ဖြစ် နေပါသည်။
တဖန် လူကြီးမင်းမှ Governance အား ခပ်လွယ်လွယ် အုပ်ချုပ်မှုလို့ ပြန်လိုက်လျှင် Administration ဖြစ်သွားပါတယ်ဟု ရေးသားထားပါသည်။
Adminstration ဟူသော စာလုံးမှာ Lattin ဘာသာမှဆင်းသက်လာသော စကားရပ်ဖြစ်ပြီး ထိုစာလုံးအား ဒေါက်တာဘဟန်က ၎င်း၏ Dictionary တွင် အောက်ပါအတိုင်း ဘာသာပြန်ခဲ့ပါသည်။
Administration စီမံခန့်ခွဲမှု-ခြင်း see administrater (2) အစိုးရ (military) ဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါသည်။
တဖန် THE POCKET LAW LEXICON (Eighth Edition) တွင် administrative နှင့်ပတ်သက်၍ အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။
Administration - The process adjusting, protecting and satisfying (if there be sufficient assets for the purpose) the various claims up on the estate of a decased preson) ဟူ၍ ဖွင့်ဆိုထားပါသည်။ အကျဉ်းကိုသာ ဖော်ပြခြင်း ဖြစ်ပါသည်။

သို့ဖြစ်ရာ အထက်ပါကဲ့သို့ အဓိပ္ပာယ်ဖွင့်ဆိုထားချက်နှင့် လူကြီးမင်း၏အနှစ်သာရပေါ်လွင်အောင် မြန်မာမှုပြုထားသည့်စာလုံး၏ အဓိပ္ပာယ်မှာ တခြားဘက်သို့ အဓိပ္ပာယ်သက်ရောက်မှု ရှိမရှိသုံးသပ်နိုင်ရန် တင်ပြခြင်းသာ ဖြစ်ပါသည်။

ထို့အပြင် အလျဉ်းသင့်၍ တင်ပြလိုသည်မှာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး၊ အဖွဲ့ဝင်တဦး၏ ရေးသားမှု တခုတွင် ဥပဒေ၏အနက်အဓိပ္ပာယ်ကို သိရှိလိုပါက Dictionary တွင် ရှာဖွေလေ့လာနိုင်သည်ဟု တင်ပြထား ပါသည်။ အမှန်တကယ်တွင် ဥပဒေ၏အနက်အဓိပ္ပာယ်ပေါ်လွင် ထင်ရှားလိုပါက အထောက်အထား၊ အကိုး အကားကိုရှာဖွေပြီးမှ ပြည့်စုံအောင် ဖော်ထုတ်သင့်ပေသည်။ When Authority Failed, the Light of Reason Appllied to . . .
လူကြီးမင်း ဒေါက်တာအောင်ထွန်းသက်ဆောင်းပါးတွင် ''မြန်မာပြည်မှာရှိတဲ့ ကုမ္ပဏီများနဲ့ဆိုင်တဲ့ဥပဒေဟာ ၁၉၁၄ ခုနှစ်က ချမှတ်ခဲ့တဲ့ ဥပဒေဖြစ်နေတာကို အံ့သြစရာတွေ့ရပါတယ်။ သည်ဥပဒေကို ခေတ်နဲ့ အညီဖြစ်အောင် အမြန်ဆုံးပြင်ဆင်အတည်ပြုသွားဖို့ လိုပါတယ်။ ပထမကမ္ဘာစစ်မဖြစ်မီ အင်္ဂလိပ် ကိုလိုနီ ခေတ်က အတည်ပြုခဲ့တဲ့ဥပဒေကို ၂၀၁၆ ခုနှစ်မှာ အသုံးချနေတာတော့ အံ့သြမကုန်လောက်အောင်ပါဘဲ''ဟု ဖော်ပြပါရှိသည်။

လူကြီးမင်းအား တင်ပြလိုသည်မှာ ၁၉၁၄ ခု ဧပြီလ ၁ ရက်နေ့ (ကိုလိုနီခေတ်) က ပြဋ္ဌာန်းခဲ့သော THE BURMA COMPANIES ACT ဥပဒေကို ၂၀၁၆ ခုနှစ်ထိ မပြောင်းမလဲ မသုံးပြုနေခြင်း မဟုတ်ပါ။ (၂၉-၃-၁၉၅၅) ရက်က THE MYANMAR COMPANIES (AMENDMENT) ACT 1955 (Act No. XXIII of 1955) ဖြင့် လည်းကောင်း၊ (၂၉-၉-၁၉၅၉) ရက်က THE MYANMAR COMPANIES (AMENDMENT) ACT, 1959 (Act No. XLV III of 1959) ဖြင့် လည်းကောင်း၊ (၂၁-၁-၁၉၈၉) ရက်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ်-၂/၈၉ ဖြင့် လည်းကောင်း၊ (၅-၃-၁၉၉၁) ရက်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ်-၂/၉၁ ဖြင့်လည်းကောင်း အကြိမ်ကြိမ် ပြင်ဆင်ခဲ့ပါသည်။

အမှန်တကယ်တွင် လူကြီးမင်း ပါမောက္ခဒေါက်တာအောင်ထွန်းသက်သည် အလွန်ထက်မြက်သော ပညာရှင် တဦးဖြစ်ပြီး အနာဂတ်ဒီမိုကရေစီနိုင်ငံတော်အတွက် မရှိမဖြစ်လိုအပ်သော ပုဂ္ဂိုလ်တဦးလည်း ဖြစ်ပါသည်။
တချိန်တခါတုန်းက ဗုဒ္ဓဘာသာ သာသနာသမိုင်းတွင် အလွန် ထက်မြက်သော 'အသျှင်အာဒိစ္စ၀ံသ'ဆိုသော ပညာရှင် ဆရာတော်တပါး ရှိပါသည်။ သူသည် အလွန်တော်သော ပုဂ္ဂိုလ်တဦးဖြစ်၍ ကိုလိုနီခေတ် သာသနာ သမိုင်းတွင် နေတဆူလတဆူ ထင်ရှားသော ပုဂ္ဂိုလ်တဦးဖြစ်ပါသည်။ အိန္ဒိယဘုရင်ခံချုပ်ကပင် ဘွဲ့တံဆိပ်တော် လာရောက်ဆက်ကပ်ခံရသူတဦး ဖြစ်ပါသည်။

သူသည် တခါက အမှတ်တရဖြစ်ဖွယ်စကားတခွန်း ဆိုခဲ့ဖူးပါသည်။ 'အသျှင်ဗုဒ္ဓဃောသဟာ ငါ့အရင်မွေးလို့ပေါ့ကွာ'ဟူသော စကားပင်ဖြစ် ပါသည်။ ထိုဆရာတော် ရည်ညွှန်းသော 'အသျှင် ဗုဒ္ဓဃောသ'ဆိုသူသည် သီဟိုဠ်ခေတ် စံတော်ဝင်သာသနာတော်သမိုင်း၌ အကျော်ဒေးယျဂန္ထ၀င် ပုဂ္ဂိုလ်ကြီးတဦးဖြစ်၍ ယနေ့တိုင် ဗုဒ္ဓဘာသာဝင်တို့ ဦးထိပ်ထားရသည့်၊ အလေးအနက်သင်ကြားရသည့် '၀ိသုဒ္ဓိမဂ်'ကျမ်းကြီးကို ခမ်းနားတင့်တယ်စွာရေးသားခဲ့သော သီရိလင်္ကာဆရာတော်ကြီး ဖြစ်ပါသည်။

ဆရာအောင်ထွန်းသက်သည် ပညာထက်မြက်လွန်း၍ ဘာသာစကားမျိုးစုံတတ်ကျွမ်း၍ မာန်မာနတက်ကြွခဲ့သည့် ဆရာတော်ဘုရား အသျှင်အာဒိစ္စ၀ံသကဲ့သို့ဖြစ်သည်ဟု စာရေးသူမနှိုင်းယှဉ်ဝံ့ပါ။ ဒေါက်တာဘဟန်သည်လည်း အသျှင်မဟာဗုဒ္ဓဃောသ သဖွယ်ဟု မနှိုင်းကောင်း မယှဉ်ရာ ခိုင်းနှိုင်း၍မရပါ။ စာရေးသူအနေဖြင့် 'ကျွန်တော်နဲ့ကောင်းမွန်သောစီမံအုပ်ချုပ်မှု'ဆောင်းပါးကို ဖတ်ရှုမိ၍သာ ယခုကဲ့သို့အိတ်ဖွင့် ပေးစာဖြင့် တင်ပြရခြင်းဖြစ်ပါသည်။

ဦးရီစိန် (တရားလွှတ်တော်ရှေ့နေ)
(ဤစာမူနှင့်ပတ်သက်၍ စာရေးသူက အလုံးစုံတာဝန်ယူပါသည်။)

No comments:

Post a Comment