Wednesday, September 23, 2015

ဖူ ကူယားမားရဲ့ အမြင် Sep 22, 2015

နေဇင်လတ်
အလွန်ပွဲကောင်းတဲ့ ဖူကူယားမားနဲ့ လာရီဒိုင်းမွန်းတို့ရဲ့ ပွဲကို သွားခဲ့ချင်ပေမယ့် လွဲခဲ့ရပါတယ်။ ဆရာတစ်ဦးက အနှစ်ချုပ်ကို ပြန်ပြောပြလို့ နားထောင် လိုက်ရတယ်။ ဖူကူးယားမားနဲ့ ဧရာဝတီ မီဒီယာတို့ရဲ့ အမေးအဖြေ ကော်ပီလေး ပေးသွားခဲ့တယ်။ ဘာပဲပြောပြော ဖူကူယားမား ဆိုတာ ကမ္ဘာကျော် ပညာရှင်။ သူ့စကားတွေကို အလေးအနက် ထားသင့်တယ်။ အလကား ကမ္ဘာကျော်ခဲ့တဲ့ သူတွေမှ မဟုတ်တာ။

ဖူကူယားမားက အမေရိကန် သမ္မတ ရော်နယ်ရီဂင် လက်ထက်မှာ နိုင်ငံခြားရေး မူဝါဒ အကြံပေး။ သူရဲ့'သမိုင်းနိဂုံး' က လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့တယ်။ နောက်ပိုင်းတော့လည်း အငြင်းပွား ဖွယ်ရာ အတော်လေး ဖြစ်ခဲ့ရတဲ့ အယူအဆပေါ့လေ။ ဘယ်လိုပဲ အငြင်းပွားခဲ့ပွားခဲ့ သူ့စာအုပ်တွေ ကတော့ လူဖတ်များ၊ လူပြောများ၊ လူစိတ်ဝင်စားမှုများတဲ့ အပေါ်မှာတော့ ဘယ်သူမှ ငြင်းဆိုကြ မှာ မဟုတ်ဘူး။

မြန်မာ့ပြုပြင် ပြောင်းလဲရေးတွေစပြီး နှစ်နှစ်လောက် အကြာမှာ ထင်တယ်။ ဖူကူယားမား မြန်မာ ကို လာသွားတယ်။ နေပြည်တော်မှာ ဟောပြောပွဲ လုပ်ခဲ့တယ်။ သွားနားထောင် ဖြစ် တယ်။ ကော် ဖီသောက် နားချိန်မှာ သူနဲ့လည်း စကားပြော ဖြစ်ခဲ့တယ်။

လက်တွေ့ကျကျ ရှုမြင်တတ်သူ တစ်ဦးဖြစ်မှန်း သတိထားမိတယ်။ ပညာရှင် တစ်ဦးလိုလည်း ရပ်တည်ပြီး ဘယ်သူ့မဆို ပြောစရာရှိ ပြောရဲတဲ့သူပါ။ ဒါပေမဲ့ စကားလုံးကိုတော့ ပြင်းပြင်း ထန်ထန် သုံးလေ့ရှိဟန် မတူဘူး။

အခုတစ်ခေါက် ဖူကူယားမား၊ ရန်ကုန်ကို ထပ်ပြီး ရောက်လာခဲ့ပြန်ပါတယ်။ ဧရာဝတီကလည်း အဓိက အချက်တွေကိုပဲ မေးသွားပြီး ဖူကူယားမားကလည်း ခပ်တိုတို တုတ်တုတ်ပဲ လိုရင်းကို ဖြေသွားတာ တွေ့ရပါတယ်။ ဝေ့ဝေ့လည်လည် ဖြေဆိုထားတာ မဟုတ်ဘဲ သမာသမတ်ကျကျ အကိုးအကားနဲ့ ဖြေသွားတာမို့ မြန်မာ့နိုင်ငံရေးမှာ အဓိက အခန်းက ပါဝင်နေတဲ့ ဇာတ်ရုပ်တွေ သတိထား စဉ်းစားသင့်တယ်လို့ မြင်ပါတယ်။

အပြောင်းအလဲ အပေါ်အမြင်

ဧရာဝတီက မြန်မာနိုင်ငံရဲ့ အပြောင်းအလဲ အပေါ် အမြင်ကို မေးတယ်။ ဖူကူးယားမားက တိုးတက်တဲ့ ပြောင်းလဲမှုတွေကို ထောက်ပြခဲ့ပါတယ်။ မော်တော်ကားတွေ၊ ရင်းနှီးမြှပ်နှံမှုတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းတွေ၊ နိုင်ငံရေးအရ တရွေ့ရွေ့ ဖြစ်စဉ်နဲ့ ပြောင်းလဲနေတာကိုလည်း ပြောသွားတယ်။

ပြီးခဲ့တဲ့ တစ်ခေါက် သူလာတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို အိုင်ကွန် တစ်ဦးအနေနဲ့ မြင်ခဲ့ရကြောင်း၊ ဒီတစ်ခေါက်မှာတော့ ရှုပ်ထွေးလှတဲ့ ခန့်မှန်းမှုတွေကို တွေ့ရကြောင်း ပါးပါး နပ်နပ် ဖြေသွားတယ်။

ပြည်ခိုင်ဖြိုး အတွင်းမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ခဲ့တာရော၊ NLD အတွင်းမှာ လွှတ်တော် ကိုယ်စားလှယ် ရွေးချယ်မှုနဲ့ ပတ်သက်ပြီး အကြီးအကျယ် ပဋိပက္ခ ဖြစ်တာတွေ၊ အချို့မြို့နယ် အလိုက် နုတ်ထွက် ကြတာတွေကို ဖူကူယားမား သိထားတဲ့ သဘောလို့ ယူဆရပါတယ်။

အထူးသဖြင့် '၈၈' က ဦးကိုကိုကြီး၊ ဒေါက်တာညိုညိုသင်း တို့လို လူသိများတဲ့ သူတွေကို NLD က ကိုယ်စားလှယ် အဖြစ်ကနေ ငြင်းပယ်လိုက်တဲ့ ဂယက်က ပြည်တွင်းမှာ သာမကဘဲ နိုင်ငံတကာ အဆင့်ထိ အတော် ကျယ်ပြန့် သွားခဲ့တယ်။ NLD ကို အများစုက နားမလည်နိုင်အောင် ရှိခဲ့ကြတယ်။

သူတို့တစ်တွေ NLD ပါတီဝင်စဉ်တုန်းက ဒေါ်အောင်ဆန်းစုကြည်က လက်ခံ တွေ့ဆုံမပေးခဲ့ဘဲ ကိုယ်စားလှယ် အဖြစ်က ငြင်းဆန်လို့ အတော်များများ မကျေနပ်သံတွေ ထွက်လာမှ တွေ့ဆုံခဲ့တဲ့ အပေါ်မှာလည်း ဝေဖန်မှုတွေ တော်တော် မြင့်တက်လာခဲ့တာ တွေ့ရတယ်။ ပြောရရင် ဖူကူယားမား အတွက် မင်သက် မိစေမယ့် အပြောင်းအလဲတွေ ဖြစ်နိုင်ပါလိမ့်မယ်။

မြင့်မားတဲ့ မျှော်လင့်ချက်တွေ

နောက်မေးခွန်း တစ်ခုက မျှော်လင့်ချက် မြင့်မားမှုနဲ့ ပတ်သက်နေတယ်။

ဖူကူယားမားက ရိုးရိုးသားသားနဲ့ပဲ ခပ်တိုတို တုတ်တုတ် ဖြေခဲ့တယ်။ သူ့အနေနဲ့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ မသိသေးကြောင်း၊ ဒါကြောင့် သေသေချာချာ မပြောနိုင်ကြောင်း၊ NLD အနေနဲ့ တစ်ဦး တစ်ယောက်တည်း အပေါ်မှာ မှီတည်နေတာထက် စာရင် အခြား အဖွဲ့အစည်းတွေလိုပဲ အင်စတီကျူးရှင်း ကောင်းဖြစ်အောင် တည်ဆောက်ဖို့ လိုတယ်လို့ ထောက်ပြထားတယ်။

ရွေးကောက်ပွဲ နီးလာတာနဲ့ အမျှ NLD အတွင်းမှာရှိတဲ့ ပဋိပက္ခတွေ တစ်နေ့တခြား ပိုတိုးပွားလာတာ တွေ့နေရတယ်။ တစ်ခါမျှ မမျှော်လင့်တဲ့ NLD ကို NLD က ဆန္ဒပြခြင်း၊ ဆန္ဒပြသူတွေကို NLD က ထုတ်ပယ်ခြင်းတွေ အဆင့်ထိ ဖြစ်လာခဲ့တယ်။

ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနဲ့ ပတ်သက်ပြီး တချို့ နေရာတွေမှာ အောက်ခြေက စိစစ်ပြီး တင်ပြသူတွေ တစ်ယောက်မှကို ပါမလာလို့ အောင်နိုင်ငံရေး အဖွဲ့ တစ်ခုလုံးအထိ နုတ်ထွက် သွားတာတွေလည်း နေ့စဉ်နဲ့ အမျှလောက် ကြားနေရပြန်ပါတယ်။ အင်စတီကျူးရှင်း တောင့်တင်းခိုင်မာဖို့ ဖူကူယားမား ထောက်ပြသွားတာ ဒီအချက်တွေကို စိုးရိမ်လို့နဲ့ တူတယ်လို့ ယူဆရပါတယ်။ တစ်စိတ် တစ်ပိုင်းပေါ့လေ။

အခွင့်အလမ်း ဆုံးရှုံးသွားတယ်

ဧရာဝတီက မေးတဲ့ မေးခွန်းတစ်ခုမှာ အတိုက်အခံ ပါတီဟာ အခွင့်အလမ်းကောင်း တစ်ခုကို ဆုပ်ဆုပ်ကိုင်ကိုင် ရနိုင်ရာကနေ လက်လွှတ် ဆုံးရှုံးသွားတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူရဲ့နိုင်ငံရေး ကစားကွက်တွေမှာ ပွင့်လင်းမြင်သာမှု မရှိခဲ့ဘူး ဆိုတာကိုလည်း မေးခဲ့တာ ဖတ်လိုက်ရတယ်။ ဖူကူယားမားက Poland က Lech Walesa လှုပ်ရှား ဆောင်ရွက်မှုတွေနဲ့ ဥပမာပေးပြီး ဖြေခဲ့တယ်။ Walesa ပိုလန်မှာရှိတဲ့ လူမှုအဖွဲ့အစည်း အားလုံးလောက်ကို ကိုယ်စားပြုထားတယ်တဲ့။

ဒါပေမဲ့ ရွေးကောက်ပွဲပြီးလို့ တစ်နှစ်၊ နှစ်နှစ် အတွင်းလောက်မှာ ပျောက်ကွယ်သွားခဲ့ပြီး နိုင်ငံရေး အင်အားသစ်တွေ ထွက်ပေါ်လာခဲ့တာနဲ့ ထောက်ပြ ပေးခဲ့တယ်။ Walesa သမ္မတအဖြစ် ရွေးကောက် ခံလိုက်ရပေမယ့် ထိထိရောက်ရောက် မဆောင်ရွက်နိုင်ခဲ့လို့ ဘေးရောက်သွားတာ။ သူ့နေရာမှာ အခြားသူနဲ့ အစားထိုး ခံလိုက်ရတာကို သင်ခန်းစာယူနိုင်ဖို့ ဥပမာ ပေးသွားခဲ့တာ တွေ့ရတယ်။ မြန်မာနိုင်ငံမှာလည်း ရွေးကောက်ပွဲ ပြီးရင် ပိုလန်လို ဖြစ်နိုင်တယ်လို့ တည့်တည့်ကြီး သတိပေးသွားခဲ့တာ တွေ့ရတယ်။

လာမယ့် ရွေးကောက်ပွဲ အပေါ်ကို အမြင်တောင်းခံတော့ ဖူကူယားမားက NLD အနေနဲ့ အခွင့်အလမ်း ကောင်းတွေ ရှိနေတယ်လို့ ပြောသွားပါတယ်။

နောက်မေးခွန်းကတော့ စစ်တပ် ခေါင်းဆောင်တွေ အနေနဲ့ နိုင်ငံတော်ရဲ့ ရင်းမြစ်တွေကို ထိန်းချုပ် အသုံးပြုတဲ့ မေးခွန်းပါ။ ဒီနေရာမှာ ဖူကူယားမားလိုသာ ပြည်တွင်းက လူတစ်ဦးဦးက ဖြေမိလိုက်ရင် တော်တော် အပြောခံရမှာ အသေအချာပါပဲ။ ဖူကူယားမား ကတော့ တရားမျှတမှု ဆိုတာ အရေးကြီးတာ မှန်ပေမယ့် လောလောဆယ် သွားနေတဲ့ နိုင်ငံရေးနဲ့ ချိန်ဆပေးရမယ်ဆိုတဲ့ သဘောကို ပြတ်ပြတ်သားသား ဖြေသွားတာ တွေ့ရတယ်။

သူ့အနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ဦးစားပေးသင့်တယ်လို့ ပြောတယ်။ တောင်အာဖရိကနဲ့ နှိုင်းယှဉ်ပေးထားတယ်။ Nelson Mandela သမ္မတဖြစ်ပြီး တရားမျှတမှုတွေ မရှိသေးပါဘူးတဲ့။ တကယ်လို့များ အချိန် အားလုံးကို တရားမျှတမှု အတွက်သာ သုံးနေမယ်ဆိုရင် နိုင်ငံရေး တိုးတက်မှုနဲ့ ပတ်သက်ပြီး ဘာမှ ဖြစ်ဖြစ် မြောက်မြောက် ဖြစ်အောင် လုပ်နိုင်မှာ မဟုတ်ဘူးလို့ ထောက်ပြ သတိပေးထားတာ တွေ့ရပါတယ်။

ဖူကူယားမား ပြောတာ အတော် လက်တွေ့ကျပါတယ်။ သာမည မဟုတ်ပေမယ့် တခြားကိစ္စတွေကို ပြိုင်တူ တဖြည်းဖြည်း လျှော့ချဆောင်ရွက်ပြီး အဓိကကိုသာ ဦးတည်စေချင်တဲ့ သဘော တွေ့ရပါတယ်။ ပြောချင်တာက စီးပွားရေးပါ။

(၂၅) ရာခိုင်နှုန်းကို ဖူကူယားမား ထောက်ခံသလား

နောက် စိတ်ဝင်စားဖွယ်ရာ ကောင်းတဲ့ မေးခွန်းက လွှတ်တော်ထဲမှာ (၂၅) ရာခိုင်နှုန်းကို တပ်မတော်က ရယူထားတဲ့ မေးခွန်းပါ။ ရင့်ကျက်တဲ့ ဒီမိုကရေစီ စံနှုန်းအရဆိုရင် အဲဒီ (၂၅) ရာခိုင်နှုန်းက မရှိသင့်ပေမယ့် အကူးအပြောင်းရဲ့ သဘာဝကို ကောင်းကောင်း သိထားတဲ့ ဖူကူယားမား ကတော့ သူ့ရဲ့ ဦးစားပေး ရွေးချယ်မှုပါလို့ အကောင်းဘက်က ပြောသွားတယ်။

တဖြည်းဖြည်း ပြောင်းလဲရမယ့် အရာလို့လည်း ပြောပါသေးတယ်။ အဲဒါကို ချီလီနိုင်ငံက Pinochet နဲ့ ဥပမာ ပေးသွားတယ်။ ဆီးနိတ်မှာ တပ်မတော် အတွက် အရန် ကိုယ်စားလှယ်တွေကိုတောင် ထားပေးထားတယ်။ (၁၅) နှစ်ကြာမှာ လျှော့ချသွားတယ် ဆိုတာနဲ့ ဥပမာ ပေးထားတာ တွေ့ရပါတယ်။

ဖူကူယားမားက နိုင်ငံများစွာရဲ့ ပြုပြင် ပြောင်းလဲရေး ပုံစံတွေကို အများကြီး လေ့လာထားတော့ အခု မြန်မာနိုင်ငံမှ (၂၅) ရာခိုင်နှုန်း တပ်မတော် ကဏ္ဍကို သိပ်ပြီး အပြစ်မြင်ဟန် မတူဘဲ ပွင့်ပွင့်လင်းလင်းပဲ သူ့သဘောထားကို ထုတ်ဖော်သွားတာ တွေ့ရပါတယ်။

နောက်ဆုံးတော့ စီးပွားရေး

ဖူကူယားမား အနေနဲ့ စီးပွားရေး ကိုတော့ နိုင်ငံတိုင်း အလေးထား လုပ်ဆောင်နိုင်ဖို့ အသေအချာ ထောက်ပြထားတာ တွေ့ရတယ်။ ပုဂ္ဂလိက ကဏ္ဍ တိုးမြင့်ပေးရမယ်။ မှန်ကန်တဲ့ ယှဉ်ပြိုင်မှုကို ပေးရမယ်။ သူသုံးသွားတဲ့ အထဲမှာ အတော် သဘောကျတဲ့ အသုံးက "The most important thing is, you need to have a brain trust"။

အဆုံးအဖြတ်နဲ့ ပညာပေါ် ယုံကြည်မှုလို့ အဓိပ္ပာယ် ဖွင့်နိုင်မလား မဆိုနိုင်ပါဘူး။ အင်ဒိုနီးရှား ပြုပြင် ပြောင်းလဲရေးမှာ ဆူဟာတိုက 'ဘာကလေမာဖီးယား' ကို သုံးသွားတာ။ (ဘာကလေ တက္ကသိုလ် ကျောင်းဆင်း ပညာရှင်များကို အစုအဖွဲ့နဲ့ အသုံးပြုသွားတာ။)

ချီလီမှာ'ချီကာဂိုမာဖီးယား' ကို သုံးသွားတာတွေနဲ့ နှိုင်းယှဉ် ထောက်ပြထားပါတယ်။ မှန်လည်း မှန်ပါတယ်။ အဲဒီပညာရှင် အဖွဲ့တွေကပဲ နိုင်ငံကို တိုးတက်အောင် ဆောင်ရွက်သွားတာ ဖတ်ဖူးပါတယ်။

သုံးသပ်ချက်

ဖူကူယားမားဟာ ပညာရှင် ရှုထောင့်က ရပ်တည်သလို၊ လက်တွေ့ကျတဲ့ နိုင်ငံရေး အပေါ်မှာလည်း ရပ်တည်ထားတာ တွေ့ရပါတယ်။ စံညွှန်းတွေကို ပြောလေ့ သိပ်မရှိတဲ့ ပညာရှင်ပါ။ လက်တွေ့ကျကျ ဖြစ်သင့်တာကို ဆောင်ရွက်ပြီးမှ စံနှုန်းကို လိုက်ပါစေချင်တဲ့ သဘောတွေ့ရတယ်။
ပထမ တစ်ခေါက်လာတုန်းက သူ့ဟောပြောပွဲရဲ့ အနှစ်ချုပ်နဲ့ ဒီတစ်ခေါက် သူ့ဟောပြောပွဲ၊ ဧရာဝတီနဲ့ အင်တာဗျူးက အမေးအဖြေတွေကို လေ့လာရင် မြန်မာ့ပြုပြင် ပြောင်းလဲမှုရဲ့ တိုးတက်မှုကို လက်ခံထားတာ တွေ့ရပြီး၊ မြန်မာ့နိုင်ငံရေးမှာ ပါဝင် ဦးဆောင်နေကြတဲ့ အဓိက ဇာတ်ရုပ်တွေကို လက်တွေ့ကျတဲ့ နိုင်ငံရေး ဖြစ်စဉ်ထဲက ခွဲထွက်မသွားဖို့ သတိပေး ထောက်ပြထားတာ တွေ့ရပါတယ်။
နုနယ်နေသေးတဲ့ အချိန်မှာ စံချိန်စံညွှန်းကို ဖက်တွယ်နေရင် ရင့်ကျက်မှုကို မရောက်နိုင်ဘဲ ဖြစ်တတ်တဲ့ သဘောတွေကို သွယ်သွယ်ဝိုက်ဝိုက် ပြောထားပါတယ်၊ နိုင်ငံရေးဟာ "Art of Possibilities" ဆိုတဲ့ ဖြစ်နိုင်တာတွေကို လုပ်တဲ့ ပညာရပ်ပါ။ လောလောဆယ် မဖြစ်နိုင်တာတွေကို အခြေခံလွန်းနေရင် လိုရာမရောက် ခရီးမတွင် ဖြစ်သွားမှာကို စိုးရိမ်ရပါတယ်။
လူတိုင်း သိနိုင်တဲ့ ရိုးစင်းတဲ့ ဥပမာနဲ့ ပေးရရင် ကလေးဘ၀မှာ လူကြီးအသိ မရှိနိုင်သေးသလို၊ လူကြီးဖြစ်မှလည်း ရင့်ကျက်မှုဆိုတာ ဖြစ်လာတတ်တဲ့ သဘောလိုပါပဲ။ လူငယ်ဘ၀မှာ လူကြီးလို မရင့်ကျက် ရသေးဘူးလားဆိုတဲ့ မျှော်လင့်ချက် လွန်ကဲမှုဟာ တစ်ခါတစ်ရံမှာ မလိုလားအပ်တာတွေကိုဘဲ ပေးတတ်တာကို သတိပြုမိကြဖို့ လိုပါတယ်။ အရေးကြီးတာက လမ်းမှန်ပေါ်မှာပဲ ရှိနေသေးသလား၊ မှန်မှန် တိုးတက်မှု ရှိနေတုန်းလား ဆိုတာပါပဲ။
တစ်ခါတစ်ရံမှာ ပန်းတိုင်ကို လူတိုင်းက မြန်မြန် ရောက်ချင်ကြပေမယ့် သဘာဝတရားကို လွန်ဆန်လို့ မရတဲ့ ကိစ္စရပ်တွေကိုလည်း ထည့်သွင်း စဉ်းစားနိုင်ကြဖို့ လိုပါလိမ့်မယ်။ အဲဒီလို ပြည့်ပြည့်စုံစုံ စဉ်းစားပြီးမှ ဖြစ်သင့်တာကို ဆောင်ရွက်ခြင်းကသာ လက်တွေ့နိုင်ငံရေးလည်း ဖြစ်တယ်လို့ ယူဆရပါတယ်….။

No comments:

Post a Comment