Wednesday, September 2, 2015

ပွင့်ပွင့်လင်းလင်းပြောရလျှင် “သေဒဏ်မှတစ်ပါး အခြားမရှိ”

မောင်သိန်းညွန့် (ကော့ကရိတ်)
၃၁၊၈၊၂၀၁၅
မီဒီယာများဖော်ပြချက်အရ ယခုရက်ပိုင်းအတွင်းမှာ စိတ်မချမ်းမြေ့စရာသတင်းများ ဆက်တိုက် ဖတ်နေရပါတယ်။ မုဒိမ်းသမားကြောင့် ငါးနှစ်အရွယ် အမျိုးသမီးငယ်လေးတစ်ဦး သားအိမ်ထုတ်ရတဲ့အထိ အခြေအနေဆိုးခဲ့ပြီး ဆေးဝါးကုသမှုခံယူနေရပါတယ်။ လွန်စွာ စိတ်မချမ်းမြေ့စရာပါ။
၂၆.၈.၂၀၁၅ ရက်နေ့ထုတ် ပုဂ္ဂလိကသတင်းစာတစ်စောင်တည်းမှာပင် မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ ငါးပြားပေးကျေးရွာမှ အဋ္ဌမတန်းတက်ရောက်နေတဲ့ အသက် ၁၅ နှစ် အရွယ် ကျောင်းသူ တစ်ဦးကို အတူနေ ခဲအိုက ခြိမ်းခြောက်၍ သားမယားအဖြစ်ပြုကျင့် ခဲ့သောကြောင့် ကိုယ်ဝန်ရလာကြောင်း အတန်းပိုင်ဆရာမက ပြောဆိုကြောင်း ဖတ်ရပါတယ်။
ဆိုးရွားလာတဲ့အခြေအနေကတော့ ထုတ်ဖော်ရေးသားရတာကိုပင် လက်တွန့်လာပါ တယ်။ ရွှေပြည်သာမြို့နယ်မှ အသက် ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသားကို သင်္ချာဘာသာရပ် သင်ကြား ပေးနေတဲ့ အသက် ၄၃ နှစ်အရွယ် ဆရာတစ်ဦးက ဧပြီလမှစတင်ကာ အကြိမ်ကြိမ် လိင်တူ အဓမ္မပြုကျင့်မှုကို မိခင်က တိုင်ကြားခဲ့တဲ့သတင်းပါ။ ရဲစခန်းတွင် တိုင်ကြားခဲ့ ပြီး ဆေးစစ် ခဲ့ရာ ဆေးစာအဖြေ က အမှန်တကယ် ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ယင်းကျောင်းသားရဲ့ မိသားစု များ ထံမှ စုံစမ်းသိရှိခဲ့ပါတယ်။
အသက် ၁၆ နှစ်မပြည့်သေးတဲ့ ကလေးသူငယ်တွေအပေါ်မှာ ကျူးလွန်ခဲ့တဲ့ မုဒိမ်းသမားတွေကို ယခုပြဋ္ဌာန်းထားတဲ့ပြစ်ဒဏ်မျှနဲ့ ဟန့်တားနိုင်မှာမဟုတ်တော့ပါဘူး။ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၃၇၆ အရမုဒိမ်းမှုကျူးလွန်သူကိုတစ်သက်တစ်ကျွန်းဖြစ်စေ၊၁၀ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့်
အပြင် ငွေဒဏ်လဲ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားပါတယ်။

ဒီလိုပါပဲ။ လိင်တူပြုကျင့်ခံရမှုနဲ့ပတ်သက်ပြီး ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ - ၃၇၇ မှာ “ယောက်ျားနှင့်  ဖြစ်စေ၊ မိန်းမနှင့်ဖြစ်စေ၊ တိရစ္ဆာန်နှင့်ဖြစ်စေ၊ မည်သူမဆို မိမိအလိုအလျောက် ဓမ္မတာနှင့်ဆန့်ကျင်သော၊ ကာမစပ်ယှက်မှုကိုပြုလျှင် ထိုသူကို တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်” ဟု ပြစ်ဒဏ်သတ်မှတ်ထားပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မုဒိမ်းမှုကျူးလွန်ခံရတဲ့ ကလေးသူငယ်တွေအတွက်ကတော့ ဘ၀စတင်ချိန်မှာပင် ဘ၀ပျက်သွားပါပြီ။ လူသာအသက်ရှင်သော်လည်း ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနှင့်ပတ်သက်၍လည်းကောင်း၊ စိတ်ဓာတ်ရေးရာခိုင်မာမှုအတွက်လည်း လုံးဝဥဿုံ ကြေမွပျက်စီးသွားပါပြီ။ အသက်ရှင်လျက်နဲ့ သူတို့ ဘ ၀တွေ သေဆုံးသွားသူပမာ ဖြစ်သွားကြပါပြီ။
မုဒိမ်းမှုကျူးလွန်သူတွေ၊ ဓမ္မတာနှင့် ဆန့်ကျင်သော ပြစ်မှုကျူးလွန်သူတွေကတော့ ကျွန်တော်
လေ့လာ မိသမျှ ပြောရလျှင် တစ်သက်တစ်ကျွန်းဒဏ်ပင် ကျခံရခြင်းမရှိကြပါဘူး။ အများဆုံး ထောင်ဒဏ် ၁၀ နှစ်ချမှတ်သည့်အမှုများပင်လျှင် တကယ်ပြစ်ဒဏ်ကျခံတဲ့အခါမှာ သက်တမ်းမစေ့ဘဲ ပြန်လွတ်လာသူ အမြောက်အများပါ။ ကလေးသူငယ်တွေရဲ့ အနာဂတ်ကို ဖျက်ဆီးခဲ့သူများအား လက်ရှိပြဋ္ဌာန်းထားတဲ့ ပြစ်ဒဏ်များဖြင့် ချမှတ်နေမည်ဆိုလျှင် ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ကလေးသူငယ်အပေါ် ကျူးလွန်ခဲ့တဲ့ မုဒိမ်းမှုတွေကို ကျွန်တော်တို့ ဘယ်လိုကာကွယ်ကြမလဲ။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ် ပုဒ်မ-၃၂ (က) မှာ ကလေးသူငယ်များ၊ မိဘမဲ့ကလေးများ ကျဆုံးခဲ့တဲ့ တပ်မတော်သားများရဲ့ ကလေးများကို ကြည့်ရှုစောင့်ရှောက်ရမည်လို့ ပြဋ္ဌာန်းထားပါတယ်။ သူတို့ဘ၀လုံခြုံရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းတွေကတော့ အများအပြားပါ။ လောလောဆယ် တားဆီးရမည့် အန္တရာယ်ကတော့ မုဒိမ်းသမားတွေရဲ့ လက်ရဲဇက်ရဲကျူးလွန်လာမှုတွေပါပဲ။ ဘာကြောင့် ဒီလိုမှုခင်းတွေများပြားလာသလဲ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးရှုထောင့်တွေမှာ နက်နက်ရှိုင်းရှိုင်း သုတေသနလုပ်ဖို့ လိုအပ်ပါပြီ။
တစ်ကြိမ်တည်းမှာ “ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ် အပိုဒ် ၃၄ အရ ကလေးသူငယ်များအားလုံးသည် လိင်မှုကိစ္စဆိုင်ရာ စော်ကားညှဉ်းပန်းခြင်းမှ အကာအကွယ် ရရှိပိုင်ခွင့်ရှိသည်” ဆိုတဲ့ ပြဋ္ဌာန်းချက်ကို ဘယ်လိုအကောင်အထည်ဖော်မှာလဲ။
လွှတ်တော်အတွင်းမှာ အကြိမ်ကြိမ် ကျွန်တော်တင်ပြခဲ့တဲ့ ကလေးသူငယ်မုဒိမ်းသမားများကို သေဒဏ်
ပေးခြင်းမှတစ်ပါး အခြားမရှိပါ။ သေဒဏ်ဆိုတဲ့ပြစ်ဒဏ်ဟာ ရာဇ၀တ်ပြစ်ဒဏ်များအနက် အကြီးလေးဆုံးပါ။ သေဒဏ်ပေးရတဲ့ ရည်ရွယ်ချက်မှာ ပြစ်မှုကျူးလွန်သူအား လူ့အသိုင်းအ၀ိုင်းမှ လုံးဝဖယ်ရှားရန်ဖြစ်ပါတယ်။ လူဟာ အသက်ရှင်သန်နေကြတယ်။ အသက်ကို အတွယ်တာဆုံးဖြစ်တယ်။ လူတွေမှာ အသက်ဆုံးရှုံးရခြင်းထက် ကြီးမားတဲ့ အကြောက်တရားမရှိဘူး။
မုဒိမ်းသမားတွေအတွက် အကြောက်တရားရပြီး မုဒိမ်းမှုကျူးလွန်ရန် ကြံစည်နေတဲ့လူတွေကို ဟန့်တားလိုတယ်ဆိုရင် ရှေးအကျဆုံးပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ်ကိုကျင့်သုံးဖို့လိုအပ်ပါတယ်။ ကမ္ဘာ့ရှေးအကျဆုံးဥပဒေကြီးဖြစ်တဲ့ “ဟမ္မူရာဘီကိုဓဥပဒေ” မှာ သေဒဏ်ကိုတွေ့ရသလို ကမ္ဘာ့နိုင်ငံများ တွင် သေဒဏ်ပြစ်ဒဏ်ကို ပြဋ္ဌာန်းထားသည်ကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း သေဒဏ်မပေးမနေရ သတ်မှတ်ထားတဲ့ ပုဒ်မ-၃၀၂ (၁) အရ ပြဋ္ဌာန်းချက်တစ်ရပ်ရှိပြီး သေဒဏ်
ပေးလိုက ပေးနိုင်သည့် ပြဋ္ဌာန်းချက် ငါးရပ်ရှိသည့်အပြင် သေဒဏ်ချမှတ်နိုင်သည့် အထူးဥပဒေတစ်ရပ်လည်း ရှိပါတယ်။
ဒါကြောင့် ကျွန်တော်ဟာ ပြည်သူ့လွှတ်တော်မှာ ကလေးသူငယ်အပေါ် ကျူးလွန်ခဲ့တဲ့ မုဒိမ်းသမား များနဲ့ပတ်သက်၍ သေဒဏ်ပေးရန် ဥပဒေကြမ်းများ သုံးကြိမ်တိုင်တိုင် တင်သွင်းခဲ့ပါတယ်။ မအောင်မြင်ခဲ့ပါဘူး။
ဒီမိုကရေစီတူဒေး သတင်းစာ

No comments:

Post a Comment