Tuesday, August 25, 2015

မှန်တရားကို ရေးရဲမှ မီဒီယာသမားစစ်မှန်မယ်

23-8-2015
သတင်းမီဒီယာဆိုတာ တိုင်းပြည်ရဲ့ စတုတ္ထ မဏ္ဍိုင်လို့ ပြောကြပါတယ်။ မီဒီယာသမား များဟာ ဘက်လိုက်မှု ကင်းရပါမယ်။ အမှန်တရားဘက် ရပ်တည်နိုင်ရမယ်။ ဘယ်အဖွဲ့အစည်း ဘယ်ပါတီ မဆို ဝေဖန်ထောက်ပြ ရဲရမယ်။ ရှင်းရှင်းပြောရရင် သတင်းမီဒီယာသမားဟာ စက်ရုပ်လိုလူသားဖြစ်ရမယ်။ စိတ်ခံစားချက်နဲ့ သတင်းရေးလို့မရဘူး။ မကြောက်တရားကို အာဂုံဆောင်ထားရမယ်။ ဘယ်နိုင်ငံရေးပါတီပဲဖြစ်ဖြစ်၊ အစိုးရအဖွဲ့ဖြစ်ဖြစ်၊ လွှတ်တော်ဖြစ်ဖြစ်၊ ထောက်ပြပြောဆို ဝေဖန်ရဲ ရမယ်။ မီဒီယာသမားဟာ အနှောင်အဖွဲ့ ကင်းရမယ်။ လွတ်လပ်စွာပြောပိုင်ခွင့်ရှိရမယ်။ ဒါမှ စတုတ္ထမဏ္ဍိုင်အစစ်ပါ။
ဒါပေမယ့် အခု စတုတ္ထမဏ္ဍိုင်ကြီးကတော့ နည်းနည်းများ တစ်ဖက်ယိမ်းလွန်းသလားထင်မိတယ်။ စိတ်ခံစားချက်ကို အခြေခံတဲ့သတင်းများ၊ အတိတ်ကို ပြန်တူးဖော်ပြီး မမျှတတဲ့ သုံးသပ်ချက်ဆောင်း ပါးများ၊ တစ်ဖက်ကိုသာ အသားကုန် ထိုးနက်တတ်ပြီး ကျန်တစ်ဖက်ကို မျက်နှာတောင် ပြန်မကြည့်ဝံ့တဲ့ မီဒီယာသမားတွေ အများကြီးရှိနေပါတယ်။ တစ်ချို့ ရဲရဲတောက် မီဒီယာဘက်မလိုက်သူတွေ
က ထောက်ပြပြောဆိုကြပေမယ့် အမုန်းခံရတာ၊ အဆဲခံရတာပဲ အဖတ်တင်တာကို တွေ့နေရ ပါတယ်။ ယခင်က အမုန်းတရားတွေကို ထုတ်ဖော်ပြောဆိုခွင့်မရခဲ့ရာက ယခု မီဒီယာ လွတ်လပ်ခွင့်ပေးလာတဲ့ အခါ သတင်းသမားအများစုက မူလသတင်းသမားစိတ်ပျောက်ပြီး အမုန်းတရားများရဲ့ မှိုင်းတိုက်မှုအောက် ကျရောက်ကာ ၎င်းတို့ရဲ့ သတင်းသမာသမတ်ကျမှုတွေ ဟာလည်းဝါးရုံပင်ဖျားလိုတောင်ယိမ်း မြောက်ယိမ်းဖြစ်နေရတာပါ။မီဒီယာဘက်လိုက်လွန်းတာ ကိုတော့ အခုလတ်တလောနိုင်ငံရေး အခင်းအကျင်းမှာတောင် တွေ့နေရပါတယ်။ နိုင်ငံက ဒီမိုကရေစီလမ်းကြောင်းကို ချီတက်နေတာပါ။ ဒီမိုကရေစီနိုင်ငံတိုင်း အတိုက်အခံနဲ့ အစိုးရရှိပြီး သားပါ။ ဒါကတော့ ဘုံလုံ တစ်လှည့် ငါးဖျံတစ်လှည့်ပါပဲ။
အခုလောလောဆယ်တော့ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက အတိုက်အခံဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီက အစိုးရ ဖြစ်နေပါတယ်။သတင်း မီဒီယာသမား အများစုရဲ့ သုံးသပ်ချက်များဟာ လက်ရှိနိုင်ငံရေးဖြစ်စဉ်လမ်းကြောင်းမှာ အလည် တည့်တည့်က ရှိမနေခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၈၈ နှင့်အတူ ပေါ်ပေါက်လာတဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဆိုတာ အားလုံး လက်ခံကြပြီးသားပဲ။ ခေတ်အဆက်ဆက် စစ်အာဏာရှင်ကို မကြိုက်ခဲ့ကြတဲ့ ပြည်သူတွေကဒ်ါအောင်ဆန်းစုကြည်ကို ကိုးကွယ် အားထားကြမှာလည်း အမှန်ပါ။ ဒါအတိတ်တုန်းကပါ။
အခုလက်ရှိအခြေအနေမှာတော့ ဘယ်အဖွဲ့အစည်းကိုမဆို ဝေဖန်ရဲဖို့ လိုပါတယ်။ အစိုးရလို့ ပြော
လိုက်တာနဲ့ တပ်မတော်နဲ့တွဲမြင်ပြီး တပ်မတော်အစိုးရလို့ပဲ သုံးနှုန်းနေကြတုန်း။ အရပ်သားအစိုးရ
လို့ ပြောပေမယ့် စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားလို့ တပ်မတော်အစိုးရပဲလို့ ဝေဖန် နေကြတုန်း။ ဒါကိုလည်း လက်ခံသင့်သလောက် လက်ခံရမှာပါ။ ဒါပေမယ့် ခု သမ္မတဦးသိန်းစိန်လက်ထက်မှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် လာတွေ အများကြီး။ နိုင်ငံတကာက စောင့်ကြည့်ပြီး စီးပွားရေးရင်းနှီးမြှုပ်နှံ
လာရတဲ့ အထိ မြန်မာ့နွေဦး သာယာခဲ့တာကို လက်ခံပေးနိုင်ရမယ်။ ဘယ်အစိုးရဖြစ်ဖြစ် အမှားတော့ ရှိပါလိမ့်မယ်။ မီဒီယာတွေကို လေ့လာကြည့်တဲ့အခါ အစိုးရရဲ့ ကောင်းမွန်တဲ့ လုပ်ရပ်ကို သာမန်လောက်ပဲ သဘောထားပြီး အားနည်းချက်အပြစ်ကိုတော့ လိုတာထက် ပိုပြီး ပုံကြီးချဲ့လေ့ ရှိပါတယ်။ ဒါဟာလည်း အပြစ်ပြောမှ သိမှာဖြစ်တဲ့ အတွက် လက်ခံစရာရှိပါတယ်။
စစ်တပ်နဲ့ပတ်သက်လာရင်လည်း ဘာပဲလုပ်လုပ် အကောင်းမမြင်နိုင်ကြသေးဘူး။ ယခင် စစ်အာဏာရှင်တွေ အပေါ် အမုန်း တရားတွေကို ပစ္စုပ္ပန်အထိ သယ်ယူလာကြပြီး စစ်တပ်ရဲ့ ဆောင်ရွက်မှုမှန်သမျှကို အမှောင်ဖုံး အပုပ်ချနေဆဲပါပဲ။ စစ်တပ်ရဲ့ ပြည်သူနှင့် နီးစပ်အောင် လုပ်ဆောင်လာတာကို ကြိုဆိုလက်ခံပေးရမယ့်အစား နီးစပ်သွားမှာ ကြောက်နေတဲ့ မီဒီယာသမားတွေ ရှိနေပါတယ်။ အခု ရေဘေးကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေမှာတောင် စစ်တပ်ရဲ့ ပုံရိပ်တွေကို မီဒီယာများ အမှောင်ချထားခဲ့တယ်။ ဒါဟာ အတိတ်ရဲ့ အငြိုးကို ရင်ဘတ်ထဲထည့်ပြီး မီဒီယာ သူငယ်နာ မစင်သေးသူတွေရဲ့ လုပ်ရပ်မျိုးဖြစ်ပါတယ်။ တိုင်းပြည်ကောင်းအောင်လုပ်မယ်ဆို ဘယ်လိုအဖွဲ့အစည်းမဆို အားပေး ဂုဏ်ပြုဖို့ မီဒီယာတာဝန်ရှိတာ မဟုတ်လား။
အစိုးရနဲ့တပ်မတော်ကို မရ ရတာ အပြစ်ရှာ ပြောရဲသလောက် တစ်ဖက်က အတိုက်အခံခေါင်းဆောင်ကို ကျပြန်တော့ မဝေဖန်ရဲကြဘူး။ သမာသမတ်ကျတဲ့ တစ်ချို့သတင်းစာဆရာ အနည်းငယ်မှလွဲပြီး ကျန်တဲ့ မီဒီယာအားလုံးဟာ NLD ရဲ့ အမှားကိုထောက်ပြဖို့ မ၀ံ့ကြပါဘူး။ မှားမှန်းသိသိနဲ့ အဲဒီအမှားကိုမှ ပြန်လိုက်ဖာပေးတဲ့ လုပ်ရပ်မျိုးနဲ့သာ အချိန်ကုန်နေ ပါတယ်။ NLD ပါတီရဲ့ ပစ္စုပ္ပန်အခြေအနေကို မသုံးသပ်ဘဲ မျက်လုံးမှိတ်ပြီး သတင်းဆောင်းပါး ရေးနေကြတာများ
တယ်။ ဒေါ်အောင်ဆန်းစုကြည် ယနေ့ဘာလုပ်နေလဲ။ ဘာမှားနေလဲ။ ယခင်က ပြောတဲ့စကားတွေ ယနေ့မှာ ဖြစ်လာပြီလား။ ဒါမျိုး ဆန်းစစ်ဖို့ ၀န်လေးနေကြတယ်။

တစ်သက်လုံး အကြမ်းမဖက်ဝါဒကိုသာ ကိုင်စွဲလာပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပါတီအတွင်း အကြမ်းဖက်ပြီး အာဏာရှင်ဆန်လာတာကို ထောက်မပြကြဘူး။ ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး ငြိမ်နေခဲ့တာကို မဝေဖန်ကြဘူး။ ကျောင်းသားပညာရေးဥပဒေ ဆန္ဒပြတာမျက်ကွယ်ပြုနေခဲ့တာကို မရေးရဲကြဘူး။ ဒီမိုကရေစီ စကားလုံးကို တွင်တွင်သုံးပြီး ဒီမိုကရေစီယိုယွင်းလာတာကိုသိရက်နဲ့ မပြောရဲကြဘူး။ မီဒီယာဟာ ဘက်လိုက်မှု ကင်းရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အဂတိ ကင်းတဲ့ မီဒီယာသမားတွေဖြစ်စေဖို့ ဒီစာကို အမုန်းခံရေးပါတယ်။

မင်းသန့်နိုင်

No comments:

Post a Comment