Monday, May 18, 2015

လင်းယုန်နဲ့ နဂါး လက်သည်းတွေအကြား

မင်းမြတ်စံ
မြန်မာ အစိုးရ အတွက် အမေရိကန် အစိုးရကို နားချဖို့

 လော်ဘီ အဖွဲ့တစ်ဖွဲ့ ငှားရတယ်ဆိုတဲ့ သတင်းကြားရတော့
 မဆလခေတ်က ကိစ္စလေးတချို့ ပြန်အမှတ်ရ မိတယ်။ ဟိုးတစ်ခေတ်က အရင်းရှင် အမေရိကန်နဲ့ လက်ဝဲဆန်တဲ့ မဆလ အစိုးရ ပူးပေါင်း လုပ်ခဲ့တဲ့ ကိစ္စတချို့ရှိခဲ့တာ ကြားဖူးနားဝ။ အဲဒီအထဲက အမေရိကန်-စီအိုင်အေနဲ့ မြန်မာ့ တပ်မတော်ပေါင်း ပြီး ရုပ်ရှင်ဆန်ဆန် ဘိန်းအော်ပရေးရှင်း လုပ်တဲ့ အကြောင်း အရာလေး တစ်ခု အရင်ဖောက်သည် ချချင်တယ်။
န၀တ (သို့) နအဖခေတ် လေတပ် နှစ်ပတ်လည် မဂ္ဂဇင်း တစ်စောင်မှာ ဖတ်ခဲ့ရတာပါ။ ပါဝင်ခဲ့

တဲ့ လေသူရဲ တစ်ယောက်က ပြန်ရေးထားတာ ဖြစ်ပြီး တစ်ချိန်က ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်ခဲ့ပေ မယ့် အခုတော့ (အမေရိကန်က အကြီးအကျယ် ဆန်ရှင် လုပ်ထားတဲ့ အချိန်) ဖွင့်ချလို့ ရပါပြီရယ် လို့ ရေးခဲ့တာပါ။ အဲဒီတုန်းက မြန်မာ လေသူရဲ တချို့ကို အမေရိကန် သံရုံးက တစ်ဆင့် ရောက် လာ တဲ့ စီအိုင်အေ (သို့) ဒီအီးအေ အရာရှိတစ်ဦးက အထူးသင်တန်း တိုလေးပေးသတဲ့။
(ကိရိယာ တချို့လည်း ပါပုံရတယ်)။ လေတပ်က သယ်ယူ ပို့ဆောင်ရေး၊ ကင်းလှည့် လေယာဉ် တစ်စီးစီးနဲ့ လေထဲ တက်သွားပြီး မြေပြင် တစ်နေရာရာ လွှင့်နေတဲ့ အချက်ပြ ဆစ်ဂနယ် တစ်ခုကို ဖမ်းယူပြီး တည်နေရာ ရှာဖွေမှတ်သားတဲ့ သင်တန်းလေးပါ။
သင်တန်းပြီးတာနဲ့ သင်္ကြန်ရက်နဲ့ သိပ်မဝေးဘူး။ (သင်္ကြန်ရက် စတင်းန်ဘိုင် နေရတဲ့ လေသူရဲတွေ ကို ကကလှမ်း ညွှန်မှူးက နိုင်ငံခြား အရက်ပုလင်း ပြန်စွန့်ကြဲပေးလို့ ပျော်ရတဲ့ အကြောင်းတောင် ပါသေး)။ အဲဒီသင်္ကြန်ရက်မှာပဲ သင်ပေးတဲ့ ပညာကို ချက်ချင်း အသုံးချပြီး စစ်ဆင်ရေး လုပ်ရတာ တဲ့။ ဘိန်းတွေ သယ်လာတဲ့ လားတန်းကြီး တစ်ခု၊ လက်နက်ကိုင်တွေ ခြံရံပြီး ခရီးရှည်ကြီးသွားနေ တယ်။
(ဘယ်အဖွဲ့မှန်းတော့ မမှတ်မိ) အဲဒီလား တန်းကြီးထဲက လားတစ်ကောင်ကောင်ရဲ့ ကုန်းနှီးမှာ အချက်ပြ ကိရိယာလေး တစ်ခု လျှို့ဝှက်ပါရှိတယ်။ ဘယ်သူက အဲဒါလေး သွားတပ်ထားလဲ ဆိုတာတော့ မပါပါဘူး။ (ဒါကတော့ ဂျိမ်းစ်ဘွန်းရဲ့ ကဏ္ဍပေါ့။ အမေရိကန် ဆိုတော့ အခုဆိုရင် Jason Bourne ဖြစ်မယ်။ အဲဒီတုန်းကတော့ အဲဒီ ရုပ်ရှင်စီးရီး မပေါ်သေးဘူး)။
စစ်ဆင်ရေး ရက်ရောက်တော့ လေသူရဲတွေက သံသယရှိတဲ့ နယ်မြေပေါ် (ရှမ်းပြည်နယ်ဘက် ထင်ပါရဲ့) ဖြတ်ပျံရင်း အချက်ပြတာကို ရှာရမယ်။ တွေ့ရင် မှတ်သားပြီး မျက်ခြည် မပြတ်အောင် နောက်ယောင်ခံလို့ အဆင်ပြေတဲ့ အချိန် တိုက်လေယာဉ်တွေကို ခေါ်လို့ မြေ ပုံညွှန်း ပေးလိုက် ရုံပေါ့။ တကယ် စစ်ဆင်ရေး မှာတော့ အမေရိကန် ကျွမ်းကျင်သူ မပါတော့ ဘဲ မြန်မာ လေသူရဲတွေချည်းပဲ လုပ်ကြရတာပါ။
သူတို့တွေ့ပါတယ်။ ဒါနဲ့ အဲဒီအချက်ပြ ကိရိယာလေးရဲ့ တစ်နေ့တာ ရွေ့လျားနှုန်းကို တွက်ပါ တယ်။ လားတန်းကြီးရဲ့ တစ်နေ့ပေါက်တဲ့ ခရီးမိုင်ကို မှန်းမိတယ်။ ဒီလိုနဲ့ လေကြောင်းက တိုက် လို့ ကောင်းတဲ့ ခွင်ထဲကို ရောက်တော့ တိုက်လေယာဉ်တွေ လွှတ်ပေးလိုက်ပါတယ်။ အမေရိကန် လုပ်တွေပါပဲ။ T-33 Shooting Star လို့ ခေါ်တယ် (ဂျက်ဖိုက်တာ ဆိုလို့ အဲဒီအခါက ဒီတစ်မျိုးပဲ ရှိပါတယ်။ T-Bird လို့လည်းခေါ်တယ်)။ အဲဒီ T-33 တွေနဲ့ အငိုက်ဖမ်း တိုက်လိုက်တော့ ဘိန်းတန်း ကြီးကို အောင်မြင်စွာ ချေမှုန်း လိုက်နိုင်သည်ပေါ့လေ။
အဲဒါဖတ်ဖူး ကတည်းက တွေးမိတာ။ အမေရိကန် ဆိုတာ တကယ် ခေတ်မီပါလား။ သူ့အကူအညီနဲ့ သူ့လက်နက် ကိရိယာတွေ ကမ္ဘာပေါ်မှာ လိုချင်သူ ပေါတာ မဆန်းပါလားပေါ့။ မြန်မာပြည် ကလည်း ခပ်ဆန်းဆန်း မဆလ ဆိုတဲ့ စနစ်က လက်ဝဲ-လက်ယာခွဲရင် လက်ဝဲဘက် သိသိသာ သာ ကြီးရယ်။ ခေတ်ကလည်း လက်ဝဲနဲ့ လက်ယာ ထိပ်တိုက် တွေ့နေတဲ့ စစ်အေးခေတ်။
အဲဒီခေတ်ကြီးမှာ နိုင်ငံရေး အယူအဆအရ လက်ဝဲဘက် ရောက်ပါလျက်နဲ့၊ လက်ဝဲ နိုင်ငံတွေနဲ့၊ အဆင်မပြေလှဘဲ လက်ယာ အုပ်စုနဲ့မှ တည့်သေးတယ်။ တံခါးပိတ် ၀ါဒ တစ်ကိုယ်တော် စနစ် ဆိုပေမယ့် သွားလေသူကြီးက လက်ယာအုပ်စုအနောက် နိုင်ငံတွေက လေယာဉ်၊ရဟတ်ယာဉ်တွေ နဲ့ ဂျီသရီးကိုတော့ ကြိုက်တတ်သား။

နောင်အခါကျမှ သဘောပေါက်တာက အန်ကယ်ဆမ်ကြီးက ဦးနေ၀င်းကို ကူညီတာ တချို့ရှိခဲ့ တာ လော်ဘီအလုပ်ကောင်းလို့မဟုတ်၊ စေတနာကောင်းလို့လည်းမဟုတ်ဘဲတရုတ်ကြီး မြှောက်ပေး တဲ့ ဗကပကို အဓိက ရန်သူအဖြစ် တိုက်နေရတဲ့ အတွက် တစ်ဖက်က ပြန်ကစားပေးတဲ့ သဘော ဆိုတာ သဘောပေါက်တယ်။ ဘိန်းစစ်ဆင်ရေး ခေါင်းစဉ် သီးသန့်နဲ့ ဘဲလ်ဟယ် လီကော့ပ်တာ အစီးနှစ်ဆယ်၊ အစိတ် ထိုးပေးတာ တခြား စစ်ဆင်ရေးမှာ မသုံးပါဘူးဆိုတဲ့ အာမခံချက်ကို ယုံမှတ် လို့ ဟုတ်မယ် မထင်ဘူး။

ရှိသေးတယ်။ အဲဒီတုန်းက အမေရိကန် စထွင်ပြီး သူများတွေ လိုက်မထုတ်နိုင်သေး တဲ့ (၄၀) မမ လောင်ချာလေးတွေ (အမ်-၇၉) ကိုလည်း နိုင်ငံရွေးရောင်းပေးတဲ့ အထဲ မြန်မာလည်း ပါသ တဲ့။ ဗကပ လူလှိုင်း စစ်ဆင်ရေးသုံးရင် တပ်စိတ်အဆင့်က စတပ်ထားတဲ့ အဲဒီ လောင်ချာလေးတွေ က အရမ်း အသုံးတည့်သတဲ့။

ဆိုလိုတာက တပည့်ခံတာလည်း မဟုတ်တော့ ယပက်လက် လို ဆန်နဲ့ F-16 လဲပေးတာမျိုးတော့ မဟုတ်ဘဲ တရုတ် တပည့် ဗကပကို ခံတွယ်နိုင်ရုံ မြွေမသေ တုတ်မကျိုး ပေါ်လစီလို့ မှတ်ခဲ့ရတယ်။

ဟော လက်ဝဲဆန်တဲ့ မဆလ အစိုးရ ပြုတ်ကျပြီး ပါတီစုံနဲ့ ဈေးကွက် စီးပွားရေး (တနည်း အရင်းရှင် စနစ်) လို့ တရားဝင် ကြွေးကြော်ချိန်ကျမှ ဒီမိုကရေစီ လိုလားသူတွေကို ဖိနှိပ်မှုတွေကြောင့် အနောက် အရင်းရှင်တွေနဲ့ မပြေလည်တော့ တဖြည်းဖြည်းနဲ့ မြန်မာ့ တပ်မတော်မှာ အနောက် အုပ်စု လက်နက် ကိရိယာတွေ အစား အရှေ့အုပ်စု (ကွန်မြူနစ်) လက်နက်တွေ ပြောင်းသုံးလာ ရတာ ယနေ့တိုင်အောင်ပဲ။

အသွင်ပြောင်း အစိုးရ လေးနှစ်သား ရောက်တာတောင် အမေရိကန်ကြီး နားလည် ပါစေတော့ ရယ်လို့ လော်ဘီငှားရ ပြန်သေးဆိုတော့ တစ်မျိုးတော့ တစ်မျိုးကြီးပဲ။ သုံးနှစ်လောက် အတွင်း အိုဘားမားကြီး နှစ်ခေါက် လာသွားတာတောင် ကိုကာကိုလာ လောက်ပဲ ရောက်လာသေးတာ ဆိုတော့လည်း လုပ်ချင်လည်း လုပ်ပေါ့လေ။

မြန်မာ အတွက်သာ အခေါက်ခေါက် လာလျက်နဲ့ အန်ကယ်ဆမ်တို့ ပဋ္ဌာန်း ဆက်မကျသေးတာ။ သူ့လူနဲ့ သူကျ ဟုတ်လို့။ ကြည့်လေ၊ ပြီးခဲ့တဲ့ ရက်တွေထဲ အန်ကယ်ဆမ်နဲ့ ဖိလစ်ပိုင် ပေါင်းပြီး စစ်ရေးလေ့ကျင့် ကြပြန်သတဲ့။ ဖိလစ်ပိုင် ပိုင်နက် ရေပြင် တစ်နေရာမှာ လုပ်တဲ့ Balikatan လို့ခေါ်တဲ့ စစ်ရေး လေ့ကျင့်မှုမှာ ဖိလစ်ပိုင် မရင်း တပ်သားတွေဟာ အမေရိကန် LPD စစ်ရေ ယာဉ်ကြီးကနေ ကမ်းတက် စစ်ယာဉ်ကြီးတွေနဲ့ အတူ ပထမဆုံး ပါဝင် လေ့ကျင့်ခွင့် ရသတဲ့။

အမေရိကန်ရဲ့ LPD ဆိုတာ တကယ်တော့ လေယာဉ်တင် သင်္ဘော ပေါက်စလေးလိုပါပဲ။ ရဟတ်ယာဉ် လေးစီး တစ်ပြိုင်နက် ဆင်းတက်နိုင်ပြီး LPD (Landing Platfo) လို့ သတ်မှတ်တဲ့ အတန်းအစားထဲက LPD ပေါ်က ရေထဲမောင်းဆင်း ကမ်းခြေ မောင်းတက်တဲ့ ယာဉ်ကြီးတွေနဲ့ အမေရိကန်၊ ဖိလစ်ပိုင် စစ်သားတွေ ပေါင်းလေ့ကျင့်နေကြတဲ့ ပုံတွေ အွန်လိုင်းမှာ တွေ့လိုက်ရ တယ်။ အဲဒီစစ်ရေး လေ့ကျင့်မှု လုပ်နေတဲ့ အချိန်က မလေးရှားမှာ (၂၆) ကြိမ်မြောက် အာဆီယံ ထိပ်သီး စည်းဝေးပွဲလည်း လုပ်တဲ့အချိန်။

အာဆီယံ စည်းဝေးပွဲလည်း လုပ်ရော အိမ်ရှင် မလေးရှား ကိုယ်တိုင်က တောင်တရုတ် ပင်လယ် အရေးကို ထိရောက်ပြီး အပြု သဘောဆောင်တဲ့ နည်းလမ်းတွေနဲ့ ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်တဲ့ အကြောင်း ထိပ်သီး ဆွေးနွေးပွဲ အဖွင့်မှာကို ပြောတယ်။ မလေးရှားက အာဆီယံ ဥက္ကဋ္ဌ တာဝန် ယူတဲ့ အချိန်မှာ တောင်တရုတ် ပင်လယ် အရေး ဖြေရှင်းနိုင်မယ့် ကျင့်ဝတ် Code Of Couguct (COC) ရေးဆွဲတာ စောစောစီးစီးစီး အပြီးသတ်ချင်ကြောင်းလည်း ပြောသတဲ့။ ကုလသမဂ္ဂက ၁၉၈၂ မှာ ထုတ်ပြန်ထားတဲ့ ပင်လယ်ပြင် ဥပဒေ အပါအ၀င် နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေကို လိုက်နာပြီး တောင်တရုတ် ပင်လယ် ပြဿနာကို ချဉ်းကပ်သင့်တယ် လို့လည်း ဆိုတယ်။

ဖိလစ်ပိုင် ကလည်း အာဆီယံ နိုင်ငံခြားရေး ၀န်ကြီး အစည်းအဝေးမှာပဲ တောင်တရုတ် ပင်လယ်နဲ့ ပတ်သက်တဲ့ သူ့စိုးရိမ်မှုကို ပြောတယ်။ တစ်ဖက်မှာ အန်ကယ်ဆမ်နဲ့ ပေါင်းစစ်ရေး လေ့ကျင့်နေ လို့လားမသိ။ ဖိလစ်ပိုင်က တရုတ်ဟာ သတိပေးချက်တွေကို မထီမဲ့မြင် လုပ်နေတယ်။ ဒီလုပ် ရပ်တွေ ကို COC လက်မှတ် မထိုးခင် အာဆီယံက တားသင့်တယ်။

လိုမှမဟုတ်ရင် ကျင့်ဝတ်တို့၊ လုပ်ထုံး လုပ်နည်းတို့ ဆိုတာ ဘာမှအရာ မရောက်ပါဘူးလို့ ခပ်ပြတ်ပြတ် ပြောသတဲ့။ ဒါ့အပြင် အာဆီယံ အနေနဲ့ တရုတ်ရဲ့အမှားကို ထောက်ပြသင့်တဲ့ အချိန်၊ အမှန်တရား အတွက် ရပ်တည်ရမယ့် အချိန် မရောက်သေးဘူးလား လို့လည်း မေးခွန်း ထုတ်လိုက် သေးသတဲ့။

ဖိလစ်ပိုင် ဒီလောက်အထိ ပြောရတာလည်း အကြောင်းရှိတယ်။ အားလုံးသိတဲ့ အတိုင်း တောင် တရုတ် ပင်လယ်ထဲက ရေပြင် နယ်နိမိတ် ကိစ္စတွေနဲ့ ပတ်သက်လို့ တရုတ်နဲ့ အငြင်းပွားနေ တဲ့ နိုင်ငံတွေထဲ အာဆီယံ လေးနိုင်ငံပါတယ်။ ဖိလစ်ပိုင် မလေးရှား၊ ဗီယက်နမ်နဲ့ ဘရူနိုင်း နိုင် ငံတွေ ပါ။

မကြာသေးခင်ကမှ အငြင်းပွား စပရတ်တလီ ကျွန်းစုက ဖိလစ်ပိုင်နဲ့ နီးတဲ့ဘက်မှာ တရုတ်က လူလုပ်ကျွန်းတွေ တိုးချဲ့ဆောက်နေတာ၊ ကျွန်းပေါ်မှာ လေယာဉ်ကွင်းပါ တည်နေတာ ဂြိုဟ်တု ဓာတ်ပုံတွေ ထပ်ထွက်လာတဲ့ နောက် ဖိလစ်ပိုင် ဒေါသထွက်နေတာ ကျန်တဲ့ အာဆီယံတွေလည်း အသိ။

စစ်အေး တိုက်ပွဲကာလက ဖိလစ်ပိုင်မှာ အမေရိကန်ရဲ့ ဆူးဘစ်နဲ့ ကလာ့ခ် စစ်အခြေစိုက် စခန်းကြီးတွေ ရှိခဲ့ပြီး စစ်အေးတိုက်ပွဲပြီးတဲ့ အချိန် ဖိလစ်ပိုင် ပြည်တွင်း ကန့်ကွက်မှုတွေလည်း မြင့် မား လာတဲ့ အချိန် ၁၉၉၁ မှ ဒီစစ်စခန်းကြီးတွေ ရုပ်သိမ်းသွားခဲ့တာ အမှတ်ရကြဦးမှာပါ။ အဲဒီအချိန်က တရုတ်ရဲ့ စီးပွားရေး စစ်ရေးအင်အား မကောင်းလှ သေးသလို တောင်တရုတ် ပင်လယ် အရေးကလည်း အေးအေးဆေးဆေးပဲ ရှိခဲ့သေးတယ်။

ခုတော့ တရုတ်က တောင်တရုတ် ပင်လယ်ကြီး တစ်ခုလုံး လိုလိုကို သူပိုင်တယ်လို့ ပြောလာသလို အငြင်းပွား နေရာတွေမှာပါ တည်ဆောက်ရေး လုပ်ငန်းတွေ တစ်ခုပြီး တစ်ခု လုပ်လာချိန်မှာတော့ ဖိလစ်ပိုင်မှာ အမေရိကန် စစ်အင်အားတွေ ပြန်တွေ့ မြင်လာရဖို့ ဖြစ်လာတော့တာပါပဲ။

မနှစ်က ဖိလစ်ပိုင်နဲ့ အမေရိကန်တို့ နှစ်နိုင်ငံ စစ်ရေး ပူးပေါင်း ဆောင်ရွက်ရေး ချဲ့ထွင်ဖို့ သဘောတူခဲ့ကြတယ်။ ဒီသဘော တူညီချက် အရဆို ဖိလစ်ပိုင် စစ်စခန်းတွေမှာ အမေရိကန် စစ်လက်နက်တွေ လာသိမ်းထားမှာ၊ နောက်ဆုံး သတင်းတွေ အရဆို အနည်းဆုံး ဖိလစ်ပိုင် ရဲ့ကြည်း၊ ရေ၊ လေ စစ်စခန်းရှစ်ခုထက် မနည်းမှာ အမေရိကန် စစ်လက်နက်တွေ သိုမှီးထားခွင့်နဲ့ လိုအပ်ရင် စခန်း အသုံးပြုခွင့်တွေ ရမှာတဲ့။ အဲဒီ ဖိလစ်ပိုင် စစ်စခန်း ရှစ်ခုထဲက နှစ်ခု ဟာ တောင် တရုတ် ပင်လယ်နဲ့ မျက်နှာချင်းဆိုင်မှာ။

မလေးရှားကတော့ တောင်တရုတ် ပင်လယ် အရေးနဲ့ ပတ်သက်ရင် ချဉ်းကပ်ရမယ့် စည်းမျဉ်း စည်းကမ်း ရေးဆွဲပြီး အဲဒီစည်းမျဉ်းအတိုင်း လိုက်နာဖို့ တရုတ်ကို ဖျောင်းဖျချင်တဲ့ သဘော။ ဒါပေမဲ့ တစ်ဖက်မှာလည်း သူ့ကာကွယ်ရေး စွမ်းအား မြှင့်တင်ရာမှာ တောင်တရုတ် ပင်လယ်က အလား အလာရှိတဲ့ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ဖို့ ရည်ရွယ်တဲ့ တည်ဆောက်မှုတွေ ရှိတာပါပဲ။

ဥပမာ အငြင်းပွား ရေပြင်နဲ့ အနီးဆုံး ရေငုပ်သင်္ဘောအခြေစိုက်စခန်းမှာ ခေတ်မီ လေကြောင်းရန် ကာကွယ်ရေး စနစ်တပ်ဆင်ဖို့ စဉ်းစားနေတာမျိုးပါ။ အခု RMN Kota Kinabalu လို့ခေါ်တဲ့ အဲဒီ ရေတပ်စခန်းမှာ ခေတ်မီ လေကြောင်းရန် ကာကွယ်ရေး စနစ် တပ်ဆင်လိုက်ရင် ဆာဘားပြည် နယ် အရှေ့ပိုင်း ရေပြင်နဲ့ တကွ တောင်တရုတ် ပင်လယ်က ခြိမ်းခြောက်မှုတွေကို ကြိုတင်သိမြင် ဟန့်တား နိုင်လိမ့်မယ်။

ဒါ့အပြင် သာမန် ပင်လယ်ပြင် ကင်းထောက် လေယာဉ်တွေ ရှိပေမယ့်ဘတ်ဂျက်သာရရင် အေ၀က် လို ခေတ်မီကြိုတင် သတိပေး ထောက်လှမ်းရေး လေယာဉ် ၀ယ်ယူဖို့ အစီအစဉ် ရှိသလို မစ်-၂၉ လို လေယာဉ်မျိုးကိုတောင် အားမရလို့ ပိုခေတ်မီတဲ့ အမေရိကနဲ့ ဥရောပလုပ်၊ တိုက်လေယာဉ် တစ်မျိုးမျိုးနဲ့ အစားထိုးဖို့ စိုင်းပြင်းနေပါတယ်။

နောက်ထပ် တရုတ်နဲ့ အငြင်းပွား အာဆီယံ နိုင်ငံတစ်ခု ဖြစ်ပြီး တစ်ချိန်က ကမ္ဘာ့ရန်ဖြစ်ခဲ့တဲ့ ဗီယက်နမ် နိုင်ငံနဲ့လည်း အမေရိကန်ဟာ ဒီနှစ်ပိုင်းတွေမှာ သိသာ ထင်ရှားတဲ့ ဆက်ဆံရေး  ပြောင်း လဲ လာခဲ့တယ်။ တောင်တရုတ် ပင်လယ်ထဲက ဖြစ်စဉ် တစ်ခုမှာ တရုတ်ရဲ့ ရန်မူခြင်းခံရတဲ့ ဗီယက်နမ် ငါးဖမ်း သင်္ဘောတစ်စီးကို အမေရိကန် ကမ်းခြေ စောင့်သင်္ဘောက အကာအကွယ် ပေးခဲ့တဲ့ သတင်းမျိုးရှိဘူးရဲ့။

အဲဒီနောက်ပိုင်း ၂၀၁၃ ခုနှစ် စင်ကာပူကို ရောက်တုန်းပြောတဲ့ ဗီယက်နမ် ၀န်ကြီးချုပ် ငုယင်တန်ဒေါင်းရဲ့ ရှန်ဂရီလာ ဒိုင်ယာလော့ဂ် ဆိုတဲ့ မိန့်ခွန်းမှာ ဒေသဆိုင်ရာ အငြင်းပွားမှုထဲ အမေရိကန်ရဲ့ကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်မှုကို ကြိုဆိုတယ်လို့ ထည့်ပြောခဲ့သတဲ့။

ဒီနောက် အမေရိကန်ကနေ ဗီယက်နမ်ဆီ အနုမြူလောင်စာ ချောင်းလွှဲပြောင်းမှာကို ခွင့်ပြုတဲ့ သဘောတူညီချက် တစ်ရပ် ရတယ်။ ဗီယက်နမ်က စွမ်းအင် အတွက် ရည်ရွယ်တဲ့ အနုမြူကိစ္စကို ရုရှနဲ့ ပေါင်းလုပ်နေတာ သိသိနဲ့ပဲ ဗီယက်နမ်ရဲ့ လိုအပ်ချက်ကို အမေရိကန်က အသိအမှတ် ပြုခဲ့ သတဲ့။

ဒါ့အပြင် အမေရိကန်နဲ့ ဗီယက်နမ်တို့ သန့်ရှင်းသော စွမ်းအင်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ဖို့ သဘော တူခဲ့ကြသလို ၂၀၁၄ မှာတော့ ဗီယက်နမ် အပေါ် အမေရိကန်ရဲ့ (နှစ် ၃၀ ကြာ) လက်နက် ပိတ်ဆို့မှုကိုလည်း ဖြေလျှော့ ပေးလိုက်တယ်။

အခုတရုတ် ပြည်မကြီးနဲ့ ရေပြင် နယ်နိမိတ် ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နိုင်ငံတွေထဲမှာ ဗီယက်နမ် ဟာ အတိတ်က တရုတ်ရဲ့ အတိုင်းအတာ ကြီးမားလှတဲ့ စစ်ရေးအရ ကျူးကျော် ၀င်ရောက် မှုကို ရင်ဆိုင်ရဖူးတဲ့ တစ်ခု တည်းသော နိုင်ငံဖြစ်ပါတယ်။ ၁၉၇၉ တုန်းက တရုတ်စစ် သည် နှစ်သိန်းနဲ့ တင့်ကားရာချီပြီး ၀င်ရောက် တိုက်ခိုက်တာ ခံခဲ့ရတဲ့ ဗီယက်နမ်ဟာ စီးပွားရေး အဓိက ခေတ်မှာ တရုတ်နဲ့ ဆက်ဆံရေး ပြန်ကောင်းလာပြီး၊ တဖန် အများနဲ့ အတူ တောင်တရုတ် ပင်လယ် နယ်နိမိတ် အငြင်းပွားမှု ဖြစ်လာတော့လည်း တရုတ်ကို ရင်ဆိုင်ဖို့ စစ်ရေးအရ အခိုင်မာဆုံး အတတ်နိုင်ဆုံး ပြင်ဆင်ထားသူလို့ ဆိုနိုင်ပါတယ်။

နိုနိုင်ငံငယ်လေး ဖြစ်တဲ့ ဘရူနိုင်းဟာလည်း အမေရိကန် အပါအ၀င် အနောက် အုပ်စုနဲ့ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေရှိထားပြီးသား။အခုဧပြီလထဲမှာပဲဘရူနိုင်းနဲ့သြစတြေးလျတို့ ရေတပ်ချင်း ပူးပေါင်း လေ့ကျင့်ခဲ့သေးရဲ့။

ဒီတော့ အန်ကယ်ဆမ်ကြီးဟာ တစ်နေ့တခြား အသံ ပိုထွက်လာတဲ့ တောင်တရုတ် ပင်လယ် အရေးမှာ တစ်ဖက်သတ် ပြဋ္ဌာန်းချင်နေတဲ့ ၀မ်စွေ့ကြီးရဲ့ လုပ်ရပ်ကို ထိန်းချုပ်ဖို့ အာဆီယံ နိုင် ငံတွေ အပါအ၀င် တစ်ဖက် အုပ်စုမှာ ပိုပြီးနက်နက် ရှိုင်းရှိုင်း ပါဝင်လာဖို့ ကန့်ကွက်မယ့်သူ နည်း ပါး ပါ လိမ့်မယ်။

အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ဆိုတာကတော့ ထုံးစံအတိုင်းပဲ၊ ဘာမှ မည်မည်ရရ မဆုံးဖြတ်နိုင် ဘဲပြီး သွားပြန်တော့ ဖိလစ်ပိုင်လို နယ်နိမိတ်ကို တိုက်ရိုက် ထိခိုက်ခံရတဲ့ ကိစ္စမျိုး ထပ်ဖြစ်လာရင် အာဆီယံ သဘောထား ဆိုတာ အရေးမပါဘဲ သူ့သဘော သူဆောင်နိုင်တဲ့ သဘော၊ တစ်နည်း အားဖြင့် တရုတ်နဲ့ အမေရိကန် ထိပ်တိုက်တွေ့လာနိုင်တဲ့ သဘောလို့ ရှုမြင်နေကြပါတယ်။

ဒါကြောင့် အန်ကယ်ဆမ် ဆိုတဲ့ လင်းယုန်ကြီးနဲ့ တိုးပြီး ပြေလည်ဖို့ အငှားပါးစပ်နဲ့ ကြိုးစားရသလို ၀မ်စွေ့များဆီလည်း ဆွေမျိုး ပေါက်ဖော် မိတ်ဘက်ဘ၀ အပျက်မခံနိုင်ပါကြောင်းကိုယ်တိုင် လော်ဘီ လုပ်နေရတဲ့ မြန်ရွှေပြည်ကြီးရဲ့ ခြေလှမ်းတွေကို ကြည့်ရင်း၊ ဟိုးခေတ် အဆက်ဆက်ကနေ ကနေ့ အထိ မဟာဗျူဟာ လက်သည်းတွေ အကြား လူးကာလှိမ့်ကာ ကျေပြုန်းသွားတဲ့ နယ်ရုပ်လေးတွေ ရဲ့ သွေးသား ၀ိညာဉ်တွေ အတွက်တော့ ဘယ်လိုနှစ်သိမ့် ပေးရမှာပါလိမ့်…။

No comments:

Post a Comment