Monday, February 16, 2015

လောက်ကိုင်ဒေသ တည်ငြိမ် အေးချမ်းရေး တပ်မတော်က ကြိုးပမ်း ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၁၂
တပ်မတော်၏ အဓိက တာဝန် သည် နိုင်ငံတော်ရှိ ပြည်သူ လူထု၏ အသက်အိုးအိမ်စည်း စိမ်နှင့်  နိုင်ငံတော်၏ အကျိုး   စီးပွားကိုလုံလုံခြုံခြုံ ကာကွယ် စောင့်ရှောက်ရန်
 ဖြစ်သည်နှင့်အညီ ပြည်သူ
 အေးချမ်းတည်ငြိမ်စွာ
 နေထိုင် ရပ်တည်နိုင်ရေး ကို အနှောင့် အယှက် ဖြစ်စေသော ရန်ဟူ သမျှကို ဖယ်ရှား ရှင်းလင်းရန် အသက်ခန္ဓာ အပ်နှင်း၍ တာ ၀န် ထမ်းဆောင်လျက် ရှိပါ သည်။တပ်မတော်သည်
 နိုင်ငံတော်၏အချုပ် အခြာ အာဏာ ပိုင်နက်နယ်မြေ မှန်သမျှကို တာဝန်နှင့်အညီ ကာကွယ် စောင့်ရှောက်နိုင်
ရန်အတွက် နယ်မြေ စိုးမိုးရေး လုပ်ငန်း များ ဆောင်ရွက်လျက် ရှိရာတွင် ဖေဖော်ဝါရီ ၉ ရက်နေ့မှစတင်၍ လောက်ကိုင် နယ်မြေ အတွင်း ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် တိမ်းရှောင် အင်အားစုများနှင့် တွေ့ဆုံ တိုက်ပွဲ များ ပြင်း ထန်စွာ ဖြစ်ပွားခဲ့သည်။
ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ကိုးကန့် တိမ်းရှောင်အဖွဲ့မှ အင်အားစု အချို့သည် လက်နက်ငယ် ကိုယ်စီ ကိုင်ဆောင်၍ကွမ်းလုံမြို့ မြောက်ဘက်ရှိ တောက်ရွှေကျေးရွာသို့ မော်တော်ယာဉ် များဖြင့် ရောက်ရှိလာကာ ကျေးရွာ ပြည်သူ့စစ်များထံမှ လက်နက်ငယ် ၈ လက်အား သိမ်း ယူသွားခဲ့ သည်။ ၎င်းတို့ ပြန်လည် ထွက်ခွာရာ တစ်လျှောက် တပ်မတော် စစ်ကြောင်းများက လိုက်လံ ရှင်းလင်းရာမှ ကြိုတင် နေရာယူပြီး ယာယီ ခံစစ်ယူထားသည့် သောင်းကျန်းသူ အင်အားစုများနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ခိုက်ရေး ရဟတ်ယာဉ်တို့ဖြင့် ပစ်ကူ ပေး ခဲ့ရပြီး ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ ၄ ဦး၊ စစ်သည် ၇ ဦးကျဆုံးကာ၊ အရာရှိ ၂ ဦး စစ်သည် ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။
တစ်ချိန်တည်းတွင် ကုန်းကြမ်းနှင့် ညံခွမ်းလမ်း (၁၈)မိုင် တစ်ဝိုက်၌ တပ်မတော် စစ်ကြောင်းနှင့် ကိုးကန့် တိမ်းရှောင် အဖွဲ့မှ အင်အားစုများနှင့် ၂ ကြိမ်တိုင် ပြင်းထန်စွာ ထိတွေ့ တိုက်ပွဲ ဖြစ်ပွား ခဲ့ရာ ဖြစ်စဉ်တွင် စစ်သည် ၅ ဦး ကျဆုံး၍ စစ်သည် ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် မြန်မာ- တရုတ် နယ်နိမိတ် မှတ်တိုင်အမှတ်၊ ဘီပီ- ၁၆၁(၁) အနီးရှိ မော်ထိုက်မြို့ တစ်ဝိုက် လုံခြုံရေးတာ ၀န် ထမ်းဆောင်လျက် ရှိသော တပ်မတော် စခန်းအား ကိုးကန့် တိမ်းရှောင် အင်အားစု အချို့မှ ၂ ကြိမ်တိုင် ၀င်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့၍ တပ်မတော်မှ စစ်သည် ၄ ဦး ဒဏ်ရာရရှိခဲ့သည်။
ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ညံခွမ်းနှင့် (၁၈)မိုင်ကြား တစ်ဝိုက်တွင် ကိုးကန့် တိမ်းရှောင်အဖွဲ့ အင်အားစုအချို့ ထပ်မံ၍ တွေ့ဆုံတိုက်ပွဲ ဖြစ်ပွားခဲ့ရာ တပ်မတော်မှ စစ်သည် ၆ ဦး ဒဏ်ရာရရှိခဲ့ သည်။ ၎င်းနေရာသို့ တပ်မတော် စစ်ကြောင်းက လောက်ကိုင်မြို့မှ စစ်ကူ သွားရောက်ခဲ့ရာ (၁၈)မိုင်နှင့် တာရွှေထန်ကြား၌ သောင်းကျန်းသူ အင်အား (၂၀၀)ခန့်က အသင့်စောင့်ကြို တိုက်ခိုက်သဖြင့် ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တိုက်ခိုက်ရေး ရဟတ်ယာဉ်၊ လေယာဉ်တို့ဖြင့် ၃ ကြိမ် ပစ်ကူပေးခဲ့သည်။ သောင်းကျန်းသူများသည် ၎င်းည၌ပင် မြန်မာ- တရုတ်နိုင်ငံ နယ်စပ်ရှိ နယ်နိမိတ် မိုင်တိုင်အမှတ်၊ ဘီပီ-၁၁၇ ဘက်သို့ ဆုတ်ခွာသွားကြောင်း သိရှိရသည်။ တိုက်ပွဲတွင် အရာရှိ ၁ ဦး၊ စစ်သည် ၂၉ ဦး ကျဆုံးခဲ့၍ အရာရှိ ၈ ဦး၊ စစ်သည် ၃၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ယာဉ် ၅ စီး ပျက်စီး ဆုံးရှုံးခဲ့သည်။ ထို့အပြင် (၁၈) မိုင်အနီးတွင်လည်း သောင်းကျန်းသူ အင်အားစုများနှင့် တွေ့ဆုံ
တိုက်ပွဲ ဖြစ်ပွားကာ တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ၁ ကြိမ် ပစ်ကူပေးခဲ့ရပြီး တပ်မတော်မှ အရာရှိ ၁ ဦး ဒဏ်ရာရရှိခဲ့သည်။
၎င်းနေ့တွင် လော်ကွာကျိုင်းဘက်မှ သောင်းကျန်းသူ အင်အား ၂၀၀ ခန့်သည် ကုန်းကြမ်းဒေသရှိ တပ်ဌာနချုပ်အား ၀င်ရောက် တိုက်ခိုက်ရန် ရှိကြောင်း မြေပြင်သတင်း ရရှိသဖြင့် တပ်ဌာနချုပ်နှင့် မိသားစုများ လုံခြုံရေးအတွက် လိုအပ်သော တပ်အင်အား ဖြည့်တင်းမှုများကို လေကြောင်းမှ ရဟတ်ယာဉ်ဖြင့် အချိန်မီ ဖြည့်တင်းပေးနိုင်ခဲ့သည်။ မိမိတပ်စခန်းများအား အချိန်မီ အင်အား ဖြည့်တင်းပေးနိုင်ခဲ့၍ သောင်းကျန်းသူများ အနေဖြင့် အနီးကပ် တိုက်ခိုက်နိုင်ခြင်း မရှိဘဲ ဖေဖော်ဝါရီ ၁၁ ရက်နေ့ညပိုင်းတွင် အဝေးမှ လက်နက်ငယ်များဖြင့်သာ နှောင့်ယှက် ပစ်ခတ်နိုင်ခဲ့သည်။
ဖေဖော်ဝါရီ ၁၀ နေ့ညပိုင်းနှင့် ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ကိုးကန့် တိမ်းရှောင်အဖွဲ့မှ အင်အားစု အချို့သည် လောက်ကိုင် တပ်နယ်သို့ လည်းကောင်း၊ အင်အားစု အချို့သည် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့ရုံးသို့ လည်းကောင်း၊ အင်အားစု အချို့သည် ဆီအော့ အကျဉ်းဦးစီးဌာနသို့ လည်းကောင်း၊ အင်အားစု အချို့သည် ရန်လုံကျိုင်း ရဲစခန်းသို့ လည်းကောင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၀င်ရောက် တိုက်ခိုက်ခဲ့ရာ မြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ၁ ဦးနှင့် ကိုးကန့် ရဲတပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့သည်။
ဖေဖော်ဝါရီ ၁၁ ရက်နေ့ညပိုင်းနှင့် ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ကိုးကန့် တိမ်းရှောင်အဖွဲ့ အင်အားစု အချို့သည် လောက်ကိုင် တပ်နယ်အတွင်းရှိ တပ်ရင်း/ တပ်ဖွဲ့များ၊ ကုန်းကြမ်းရှိ တပ်ရင်းဌာနချုပ်နှင့် ရန်လုံကျိုင်း မဆုတ်တမ်းခံစစ် စခန်းများအား အနီးအဝေးမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက် ပစ်ခတ်ခဲ့ရာ စစ်သည် ၁ ဦး ကျဆုံးခဲ့သည်။
ဖေဖော်ဝါရီလ (၉)ရက်နေ့မှ ယနေ့အထိ တိုက်ပွဲ ဖြစ်စဉ်ပေါင်း ၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ပစ်ကူများနှင့် လေကြောင်း ပစ်ကူ ၅ ကြိမ် ဆောင်ရွက်ခဲ့ရသည်။ ဖြစ်စဉ် တစ်လျှောက် တပ်မတော်မှ အရာရှိ ၅ဦး၊ စစ်သည် ၄၂ ဦး အသက်ပေးလှူခဲ့ပြီး၊ အရာရှိ ၁၁ ဦး စစ်သည် ၆၂ ဦး ဒဏ်ရာရရှိကာ မော်တော်ယာဉ် ၅ စီး ပျက်စီးဆုံးရှုံးခဲ့သည်။ ကိုးကန့် တိမ်းရှောင် အဖွဲ့ထံမှ လက်နက်အချို့ သိမ်းဆည်း ရမိခဲ့ပြီး ကျဆုံး/ထိခိုက် ဒဏ်ရာရမှုအချို့ရှိခဲ့ကြောင်း သိရှိရသည်။
ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် တိမ်းရှောင်အဖွဲ့သည် လောက်ကိုင်ဒေသရှိ မျိုးနွယ်တူ နေထိုင်သူများ
ကို အခွင့်ကောင်းယူ၍ နယ်မြေအတွင်း အခြေပြု လှုပ်ရှားနိုင်ရေး ဆောင်ရွက်လာခဲ့သည်။
မြေပြင်သတင်း ဖော်ထုတ်ချက်များ အရ ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် တိမ်းရှောင်အဖွဲ့နှင့် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင် လှုပ်ရှားလျက် ရှိကြောင်း သိရပြီး ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် တိမ်းရှောင်အဖွဲ့နှင့် ၎င်းသောင်းကျန်းသူအဖွဲ့များသည် ပြည်ထောင်စုနေ့ မတိုင်မီ လောက်ကိုင်မြို့ အား သိမ်းပိုက်၍ အစိုးရ အကျပ်အတည်း ဖြစ်စေရေး ရည်မှန်းချက်ထား ဆောင်ရွက်ခဲ့သော်
လည်း ဒေသခံ ပြည်သူများ၏ ပူးပေါင်း ပါဝင်မှုနှင့်အတူ ၎င်းတို့၏ ရည်ရွယ်ချက် ပျက်ပြားအောင် တပ်မတော်မှ တားဆီးနိုင်ခဲ့ကြောင်း သိရသည်။
ဒေသခံရွာများ၏ ပြောကြားချက်အရ ကိုးကန့်တိမ်းရှောင် သောင်းကျန်းသူအဖွဲ့များသည် တာရွှေထန်နှင့် ၁၈ မိုင်လမ်းဆုံအနီး စိုက်ပျိုးရေးနှင့် ကုန်ထုတ် လုပ်ငန်းများ လုပ်ဆောင်မှု အပေါ် အခွင့်ကောင်းယူ၍ ကြိုတင် စိမ့်ဝင် ရောက်ရှိနေခြင်း ဖြစ်ကြောင်း ၎င်းတို့သည် သစ်လွင်သော ယူနီဖောင်းများ ၀တ်ဆင်ထားပြီး အသွင်သဏ္ဍာန်အရ ခရီးဝေးမှ လာရောက်ခဲ့ဟန် မရှိဘဲ လန်းဆန်းသည့် အနေအထား ရှိကြောင်း၊ ၎င်းတို့ လှုပ်ရှားရာတွင် လျင်မြန် လွယ်ကူစွာ ရွှေ့ပြောင်းနိုင်ရေး နယ်စပ်ဒေသ ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှု ပြုလုပ်ရန် ဖောက်လုပ် ထားသော လမ်းများကို အသုံးပြု၍ အမျိုးအစား ကောင်းမွန်သော ယာဉ်ငယ်များဖြင့် ရွှေ့ပြောင်းမှုများ ဆောင်ရွက်ကြကြောင်း၊ တိုက်ပွဲ ဖြစ်ပွားရာတွင် ဒုံးပစ် လောင်ချာနှင့် လက်ပစ်ဗုံး အရေအတွက် များပြားစွာ သုံးစွဲနိုင်ပြီး လေယာဉ်ပစ် စက်သေနတ်ကြီးများကိုလည်း အဖွဲ့အားလုံးတွင် ဖြန့်ခွဲ အသုံးပြုနိုင်ကြောင်းနှင့် ၎င်းတို့၏ လှုပ်ရှားမှုနှင့် တိုက်ပွဲဝင်သည့် အနေအထားမှာ စနစ်တကျ ပြင်ဆင် လေ့ကျင့်ထားသူများ ဖြစ်နိုင်ကြောင်း သိရှိရသည်။
မြန်မာ-တရုတ် နယ်စပ်ဒေသတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ် စစ်သံမှူးထံသို့လည်း သက်ဆိုင်ရာမှ ရှင်းလင်း ပြောကြား အသိပေးထားကြောင်း သိရှိရသည်။
တပ်မတော်အနေဖြင့် လောက်ကိုင်ဒေသ မူလအခြေအနေသို့ ပြန်လည် ရောက်ရှိကာ ဒေသခံပြည်သူများ တည်ငြိမ် အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် သောင်းကျန်းသူများ အခြေချလှုပ်ရှားနိုင်မှု မရှိစေရေးနှင့် နယ်စပ်ဒေသ တစ်လျှောက် စိမ့်ဝင်ထိုးဖောက်ခြင်း မပြုနိုင်ရေး ထပ်မံ၍ အင်အားများ ဖြည့်တင်းပြီး အစွမ်းကုန် ကြိုးပမ်း ရှင်းလင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ လောက်ကိုင်ဒေသအား ပုဒ်မ (၁၄၄) ထုတ်ပြန်ထားရှိပြိး တပ်မတော်နှင့်
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ လောက်ကိုင်မြို့ လုံခြုံရေးအား ဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိ အခြေအနေမှာ လောက်ကိုင်မြို့အတွင်း တည်ငြိမ် အေးချမ်းသည့် အခြေအနေ ပြန်လည် ရောက်ရှိနေပြီ
ဖြစ်ကြောင်း သိရှိရသည်။
MOI


No comments:

Post a Comment