Friday, February 20, 2015

ကိုးကန့် သောင်းကျန်းသူများ ဥပဒေမဲ့ လုပ်ရပ်များ ချိုးဖောက် ကျူးလွန်

နေပြည်တော် - ဖေဖော်ဝါရီလ ၁၉
ကိုးကန့် သောင်းကျန်းသူများ အနေဖြင့်

 လောက်ကိုင် နယ်မြေအတွင်း ကြိုတင် 
စိမ့်ဝင်၍ ပြည်ထောင်စုနေ့ မတိုင်မီ
 လောက်ကိုင်မြို့အား သိမ်းပိုက် 
ထိန်းချုပ်နိုင်ရေး တိုက်ပွဲများ ဖန်တီး
လာခဲ့သည်။ ဖေဖော်ဝါရီ ၉ ရက်နေ့မှ စတင်၍ တိုက်ခိုက်မှုများ ပြုလုပ်ကာ လောက်ကိုင်မြို့အား သိမ်းပိုက်ရန် ကြိုးစားခဲ့သော်လည်း တပ်မတော်မှ ရွပ်ရွပ်ချွံချွံ တုန့်ပြန် တိုက်ခိုက်မှုများကြောင့် ၎င်းသောင်းကျန်းသူများ၏ လောက်ကိုင်မြို့အား သိမ်း
ပိုက်မည့် အစီအမံ ပျက်ပြား၍ ဆုတ်ခွာသွား ခဲ့ရသည်။
၎င်းတို့ ဆုတ်ခွာ သွားခဲ့သော်လည်း တိုက်ပွဲများကြောင့် တည်ငြိမ်မှု ပျက်ပြားစဉ် အခွင့်ကောင်းယူ ၍ တပ်ရင်းမှူး အဆင့်ရှိ ကော်စစ်ချီ ဦးဆောင်သော အင်အားစုများကို မြို့ခံအရပ်သား အသွင်ဖြင့် မြို့ပေါ်တွင် ထားရှိကာ အရပ်ဝတ်ဖြင့်ပင် တပ်မတော် စစ်ကြောင်းများနှင့် တပ်ဌာနချုပ်များကို အနီး အဝေးမှ နှောင့်ယှက် တိုက်ခိုက်ခြင်း၊ ၎င်းတို့ကြိုတင် သတင်းရယူထား ပြီးဖြစ်သည့် မြို့ပေါ်ရှိ ချမ်းသာသော နေအိမ်၊ ဈေးဆိုင်များ၊ လူရှိသော အိမ်များကို ဓားပြဆန်ဆန် လူသတ်၍ လုယက်ခြင်း၊ လူမရှိသော အိမ်များကို ဖောက်ထွင်း ယူဆောင်ခြင်းများ ဆောင်ရွက် လာခဲ့သည်။
ထို့အပြင် ကိုးကန့် သောင်းကျန်းသူများ အနေဖြင့် လောက်ကိုင်မြို့တွင် အနယ်နယ် အရပ်ရပ်မှ လာရောက် အလုပ် လုပ်ကိုင်နေသော အလုပ်သမားများ၊ ကြံခုတ် လုပ်သားများနှင့် ဒေသ ခံ ပြည် သူ များကို ဖမ်းဆီး၍ သေနတ်နှင့် ယူနီဖောင်းများ ထုတ်ပေးကာ ၎င်းတို့နှင့် စစ်တိုက်ရန် အဓမ္မ ခေါ်ဆောင်လျက် ရှိကြောင်း၊ မလိုက်လိုကြောင်း ငြင်းဆန်ပါက တစ်ယောက်/ နှစ်ယောက် ကို ရှေ့တွင် ပစ်သတ်ပြပြီး အကြောက်တရားနှင့် စုစည်း ခေါ်ဆောင်နေကြောင်း၊ လူတစ်ဦးလျှင် ယွမ် ၅၀၀ နှင့် ရာမဆေးပြား ၁ ထုပ်ပေးကာ ၎င်းသောင်းကျန်းသူ အဖွဲ့များ၏ ရှေ့တန်းသို့ တင်ပြီး လောက်ကိုင်မြို့ရှိ တပ်၊ ဌာနချုပ်များအား ညစဉ် လာရောက် ပစ်ခတ်စေလျက် ရှိကြောင်း ကို ဒေသခံ ပြည်သူ များနှင့် ဖော်ထုတ်ဖမ်းဆီး ရမိသူများ ထံမှ သိရှိရသည်။
ဒေသခံ ပြည်သူတို့၏ သတင်းပေးချက်အရ ဖေဖော်ဝါရီ ၁၄ ရက်တွင် ၎င်းတို့ ခိုအောင်း လှုပ်ရှား လျက် ရှိသော လောက်ကိုင်မြို့ အတွင်းရှိ အဆောက်အဦအား ဝင်ရောက် ရှင်းလင်းခဲ့ရာ တပ်ရင်းမှူး  အဆင့်ရှိ ကော်စစ်ချီ အပါအဝင် သောင်း ကျန်းသူ ၂၆ ဦးအား အသေဖမ်းဆီး ရမိခဲ့ပြီး လက်နက်မျိုးစုံ ၁၀၀ ကျော်၊ ခဲယမ်းမျိုးစုံ ၈၄၇၉ တောင့်၊ လက်ပစ်ဗုံး ၁၀၈ လုံး၊ တိုက်မိုင်း ၈ လုံး၊ ဖောက် ခွဲ ဖျက်ဆီးရေး ဆက်စပ် ပစ္စည်းများ၊ မူးယစ်ဆေးဝါး မျိုးစုံ၊ ကျောက်စိမ်းတုံးများနှင့် အခြားဆက်စပ် ပစ္စည်းများ သိမ်းဆည်း ရမိခဲ့သည်။
ကိုးကန့် သောင်းကျန်းသူ အဖွဲ့အနေဖြင့် ဖေဖော်ဝါရီ ၁၇ ရက်တွင်လည်း လောက်ကိုင်နှင့် ချင်းရွှေဟော်ကြား၌ လောက်ကိုင်မြို့နယ်မှ နေရပ် ပြန်သူများနှင့် တိုက်ပွဲရှောင် ပြည်သူများအား ကူညီပို့ဆောင်ပေးသည့် ကြက်ခြေနီ အမှတ်အသား ထင်ရှားစွာ ဖော်ပြထားသော ယာဉ်တန်းအား စစ်ရေးနှင့်မသက်ဆိုင်ကြောင်းသိရှိသော်လည်းလက်နက်ကြီး၊လက်နက်ငယ်များဖြင့်  ချောင်းမြောင်း ပစ်ခတ်ခဲ့ခြင်းကြောင့် ကြက်ခြေနီ တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။
တပ်မတော် အနေဖြင့် လောက်ကိုင်ဒေသ တစ်ခုလုံး တည်ငြိမ် အေးချမ်းရေး အတွက် နယ်မြေလူထုနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပြီး အပြစ်မဲ့ ဒေသခံ ပြည်သူများ ထိခိုက်နစ်နာမှု မရှိစေရေး ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပို့ဆောင်ပေးခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများကို ဆေးကုသ ပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ လောက်ကိုင်မြို့ လုံခြုံရေးအတွက် စနစ်တကျ ကာကွယ် စောင့်ရှောက်ခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment