Thursday, January 22, 2015

CNA သတင်းဌာနကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဖြေကြားချက်များ

Thursday, January 22, 2015


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၈ ရက်နေ့မှာ CNA သတင်းဌာနကို လက်ခံတွေ့ဆုံခဲ့ပြီး မေးခွန်းတွေဖြေကြားပေး ခဲ့တာနဲ့ပတ်သက်လို့ ဒီကနေ့ထုတ် မြန်မာ့အ လင်းသတင်းစာမှာ “ဥပဒေတစ်ခုကို ကိုယ်လို ရာစွဲပြီးတော့မှ ပြင်ဆင်ချက်တွေ မကြခဏ ထွက်နေမယ်ဆိုရင် တည်ငြိမ်မှုကို အများကြီး ထိခိုက်သွားနိုင်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားတာကို ဧရာဝတီဘလော့ဂ် ပရိတ်သတ်တွေ
အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် CNA သတင်းဌာနတို့၏ တပ်မတော်နှင့် အမျိုးသားနိုင်ငံရေးတာဝန်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ နိုင်ငံတော်၏ အရေးပေါ်အခြေအနေနှင့် တပ်မတော်၏ လုပ်ငန်း တာဝန်ဆိုင်ရာများနှင့်ပတ်သက်၍ အမေးအဖြေကဏ္ဍ (အပိုင်း ၁)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်တွင် CNA သတင်းဌာနအား လက်ခံတွေ့ဆုံ၍ တပ်မတော်နှင့် အမျိုးသားနိုင်ငံရေးတာဝန်၊ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ နိုင်ငံတော်၏ အရေးပေါ်အခြေအနေနှင့် တပ်မတော်၏ လုပ်ငန်း တာဝန်ဆိုင်ရာများနှင့် ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြား ခဲ့ သည်များကို CNA သတင်းဌာနမှ ဇန်နဝါရီ ၂၀ ရက်နှင့် ၂၁ ရက်များတွင် ထုတ်နှုတ်၍ ထုတ် လွှင့်သွားခဲ့ပါသည်။

၎င်းမေးခွန်းများနှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဖြေကြားချက်အပြည့်အစုံအား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။

CNA - ၂၀၁၅မှာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲလုပ်မယ်လို့ သတင်းကြားရပါတယ်။ အဲဒီ ရွေးကောက်ပွဲမှာလည်း ဗိုလ်ချုပ်မှူးကြီးအနေနဲ့ပါမယ်လို့ သူတို့ထင်နေကြပါတယ်။ အဲဒီအတွက် အစီအစဉ်လေးများရှိပါသလား။
ဗိုလ်ချုပ်မှူးကြီး  - ဒါကတော့ သူတို့ထင်မြင်ယူဆချက်ကို ပြောတာပါပဲ။ တကယ်တော့ ကျွန်တော်ရဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်းဆောင်မှုက နိုင်ငံတော်အတွက် အင်မတန် အရေးကြီး တဲ့ အခန်းကဏ္ဍမှာရှိပါတယ်။ နောက်တစ်ခါ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်မှုအတွက် တပ်တွေကိုလည်း တကယ်စွမ်းရည်ရှိတဲ့ တပ်တွေ ကျွန်တော်တို့ဖြစ်အောင် လုပ်ပါ့မယ်။ နောက်တစ်ခါ ကျွန်တော်တို့ တပ်မတော်က ပြည်သူ့အကျိုးစီးပွားဖော်ဆောင် ဖို့ ပြည်သူကြားကပေါက်ဖွားလာတဲ့ တပ်မတော်ဖြစ်တဲ့အတွက်ကြောင့် ပြည်သူရဲ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးနိုင်မယ့် တပ်မတော်ဖြစ်ဖို့လိုပါတယ်။ နောက်တစ်ခါ ပြည်သူ ရဲ့အကျိုး စီးပွားကို ဖော်ဆောင်ပေးနိုင်တဲ့ တပ်မတော်လည်း ဖြစ်ဖို့လိုပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော် တို့က ပြည်သူနဲ့ထိတွေ့မှုရအောင် အများကြီးကြိုးစားနေရတယ်။ ဒီကဏ္ဍတွေက ကျွန်တော့် ဆီမှာ အများကြီးရှိပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ဝေးလံ ခေါင်ပါးတဲ့ဒေသတွေဆိုလို့ရှိရင် အများကြီးဆောင်ရွက်ပေး စရာလုပ်ငန်းတွေ ရှိတယ်။ အဲဒီတော့ ဒါတွေကို ကျွန်တော်က နံပါတ်တစ်အချက် က တပ်ကို ကောင်းအောင် လုပ်ပေး တယ်။ နံပါတ်နှစ် အချက်က စွမ်းရည်ရှိအောင်လုပ်ပါတယ်။ နံပါတ်သုံးအချက်ကတော့ ပြည်သူနဲ့ တစ်ဆက်တည်းဖြစ်အောင် ကျွန်တော်တို့လုပ်နေတယ်။ ဒီတာဝန်တွေဟာ အင်မတန် ကြီးမားတဲ့ အတွက်ကြောင့် ဒီအပေါ်မှာပဲ ကျွန်တော်အာရုံစိုက်ပြီး လုပ်နေပါတယ်။ နောက်တစ်ခါ နိုင်ငံရေး အဲ ခုနကပြောတဲ့ ခင်ဗျား ကျွန်တော့်ကိုမေးတဲ့ သမ္မတ အခန်းကဏ္ဍနဲ့ ပတ်သက်ရင်တော့ အခြေအနေအချိန်အခါပေါ်မူတည်ပြီးတော့ ကျွန်တော်လုပ် ရ လိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ တကယ်လို့သာ ဒီဘက်ကို သွားအာရုံ စိုက်လိုက်မယ်ဆိုရင် ကျွန်တော်လုပ်နေတဲ့ ကိစ္စရပ်တွေအတွက် ကျွန်တော် အများကြီးအားလျော့ သွားစရာ အကြောင်းတွေ ရှိပါတယ်။ ဒါကြောင့် အခု အခြေအနေမှာ တော့ ကျွန်တော့်အနေနဲ့ ဆုံးဖြတ်ချက် ချဖို့ကိုရော ပြောဖို့ကိုရော စောသေးတယ်လို့ ကျွန်တော် ပြော ချင်ပါတယ်။

CNA - ခုနက ပြောခဲ့ပါတယ်။ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ် လို့ပြော ပါတယ်။ အဲဒီအတွက် ခေါင်းဆောင် တစ်ယောက်အနေနဲ့ အခုရောလုပ်နိုင်ပြီလား။ သမ္မတဖြစ်ရင်ရော ပိုပြီးတော့ လုပ်နိုင်မယ်လို့ ထင်ပါသလား။

ဗိုလ်ချုပ်မှူးကြီး - အခုလည်း ကျွန်တော်လုပ်နိုင်တဲ့အခန်းကဏ္ဍမှာ ကျွန်တော်လုပ်နေတာတွေ ရှိပါ တယ်။ တကယ်တမ်း ဆိုလို့ရှိရင်တော့ နိုင်ငံသား တစ်ယောက် အနေနဲ့ပြောရင်တော့ ဘယ်အခန်း ကဏ္ဍကနေပဲ ဖြစ်ဖြစ်ပါလို့ရပါတယ်။ အခုကျွန်တော်လုပ်နေတာကလည်း ပြောလို့ရှိရင်တော့ အမျိုး သားနိုင်ငံရေးကဏ္ဍပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အဓိကလိုအပ်ချက်က နံပါတ်တစ် အချက် တည်ငြိမ်အေးချမ်းရေးပေါ့။ နံပါတ်နှစ်အချက် စည်းလုံးညီညွတ်ရေးပေါ့။ ဒါတွေရသွားပြီး လို့ရှိ ရင်တော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမှာပဲ။ ဒါတွေက နိုင်ငံသားတိုင်းမှာတာဝန်ရှိတယ်။ အဲဒီတော့ ကျွန်တော့် အနေနဲ့က နိုင်ငံသားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် ဒီလုပ်ငန်းတွေကို ဘယ်နေရာမှာပဲ လုပ်ရလုပ်ရ အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားမယ်လို့ ကျွန်တော်ကတော့ ခံယူထားတယ်။

CNA - တည်ငြိမ်ရေးနဲ့အေးချမ်းရေးနဲ့ ဆက်စပ်လို့ပြောရမယ်လို့ဆိုရင် သမ္မတဖြစ်တဲ့အခါ ပိုပြီးတော့ များ လုပ်ဆောင်နိုင်မယ်လို့ ထင်ပါသလား။

ဗိုလ်ချုပ်မှူးကြီး -  ဒါကတော့သူ့နေရာနဲ့သူပါပဲ။ သမ္မတလည်း သူလုပ်နိုင်တဲ့အပိုင်းတွေ သူလုပ်မှာ ပဲ။ တချို့ကတော့လည်း ကူညီပေးရတာတွေရှိတယ်။ သူတိုက်ရိုက်လုပ်လို့မရတဲ့ဟာတော့လည်း ကူညီပေးရတာတွေရှိတယ်။ ဒါကြောင့် ကိုယ်ယူရတဲ့တာဝန်အပေါ်မူတည်ပြီးတော့ပဲ လုပ်နိုင်ခွင့် ရလိမ့်မယ်လို့ပဲ ကျွန်တော့်ကတော့ ထင်တယ်။

CNA - သမ္မတတစ်ယောက်ဖြစ်ဖို့အတွက် ရည်မှန်းချက်ပေးနိုင်ပါသလား။

ဗိုလ်ချုပ်မှူးကြီး - ကျွန်တော်ခုနကပြောခဲ့ပြီးသားဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ နိုင်ငံသား တစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံအနေနဲ့၊ နောက် ကျွန်တော့်အတွေ့အကြုံ၊ ကျွန်တော့်မှာ လည်း အတွေ့အကြုံ အများကြီးရှိပါတယ်။ အထိအတွေ့ အများကြီးရှိပါတယ်။ နောက်နိုင်ငံ သား တစ်ယာက်လည်းဖြစ်တယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့ကတော့ခုနက ပြောတဲ့သုံးချက်ပေါ့။ သုံးချက်က တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ နောက် ဖွံ့ဖြိုး တိုးတက်ရေး၊ ဒီသုံးချက် ကို ကျွန်တော်ပြောခဲ့တယ်။ ဒါ နိုင်ငံသားတိုင်းကတော့ကျရာ နေရာကနေ တာဝန်ထမ်းဆောင်ရ မှာဖြစ် တဲ့အတွက်ကြောင့် ကျွန်တော့်အနေနဲ့လည်း ဘယ်လိုပဲ တာဝန်ယူရ ယူရပေါ့။ ကျွန်တော့်အနေနဲ့ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။

CNA - နိုင်ငံတော်အေးချမ်းတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်တဲ့ နေရာမှာ တပ်မတော်  ရဲ့အခန်း ကဏ္ဍကဘယ်လိုနေရာမျိုးတွေမှာ ပါနေပါသလဲ။

ဗိုလ်ချုပ်မှူးကြီး- တပ်မတော်ကတော့ တကယ်လုပ်နေတဲ့၊ တာဝန်ထမ်းဆောင်နေတာ ကတော့ နိုင် ငံတော် ကာကွယ်ရေး တာဝန်ကိုထမ်းဆောင်နေတာပဲဖြစ်ပါတယ်။ ကာကွယ်ရေးဆိုတဲ့အပိုင်းက တော်တော်လေး ကျယ်ပြန့် တယ်။ တိုက်ရိုက်လုပ်တဲ့ကာကွယ်ရေးလုပ်ငန်းတွေရှိသလို တိုက်ရိုက် လုပ်လို့မရတဲ့ ကာကွယ်ရေး လုပ်ငန်းတွေလည်းရှိတယ်။ အဲဒီတော့ခုနကပြောတဲ့ တပ်မတော် ဆိုတာလည်း ဒီတာဝန်ထဲ ကနေ ပြီးတော့ ထမ်းဆောင်လို့ရတဲ့ တာဝန်တွေအကုန်လုံး ထမ်းဆောင်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က နိုင်ငံတော်ကာကွယ်ရေးဆိုတဲ့ တာဝန်ထမ်းဆောင်တဲ့နေရာ မှာ အမျိုးသားနိုင် ငံရေး တာဝန်ထမ်းဆောင်မှုအပိုင်းနဲ့ ဆက်စပ်ပြီးတော့ လုပ်နေခြင်းဖြစ်ပါတယ်။ ဒါကြောင့် တပ်မတော်အနေနဲ့ကတော့ ရှေ့ဆက်ပြီးတော့လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်း ထားတဲ့ အခန်း(၁)၊ ပုဒ်မ(၆)၊ ပုဒ်မခွဲ(စ)မှာပါတဲ့အနာဂတ် အမျိုးသားနိုင်ငံရေး တာဝန်ထမ်းဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်က ထမ်းရွက်နိုင်ခွင့်ရှိတယ်ဆိုတဲ့အတိုင်း အချက်လေးတစ်ချက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တပ်မတော်အနေနဲ့ကတော့ အမျိုးသားနိုင်ငံရေးတာဝန်ထမ်းဆောင် တဲ့ အခန်း ကဏ္ဍကနေပြီးတော့ပဲ ဆက်လက်တာဝန်ထမ်းဆောင်သွားမယ်။ ဒါကလည်း ဥပဒေနဲ့ အညီ ဖြစ်ရမှာပဲ ဖြစ်ပါတယ်။

CNA - ဗိုလ်ချုပ်မှူးကြီး ပြောခဲ့သလိုပြည်သူတွေအကျိုးကိုအမြဲတမ်း ရှေးရှုတယ်ဆိုတဲ့ အတွက်ကြောင့် မို့လို့ လွှတ်တော်အမတ် ၂၅ ရာခိုင်နှုန်းဖယ်ရှားဖို့အတွက်ကို ကာကွယ်မှာလား၊ တားဆီးမှာလား။

ဗိုလ်ချုပ်မှူးကြီး- အဲဒါဆိုရင်တော့ နိုင်ငံတော်ရဲ့သမိုင်းလေးနဲ့ ဆက်စပ်ပြီးပြောမှ ရမယ်။ နိုင်ငံတော် ရဲ့ သမိုင်းနဲ့ တပ်မတော်ရဲ့သမိုင်းက ခွဲခြားလို့မရပါဘူး။ လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာတပ်မတော်က ပြည်သူ့နဲ့ ပူးပေါင်းပြီးတော့မှ လွတ်လပ်ရေး ရအောင်ယူခဲ့တယ်။ နောက် ဒီဘက်က တစ်လျှောက်မှာ လည်း နိုင်ငံတော်ရဲ့အရေးကြီးတဲ့အခန်း ကဏ္ဍ ကနေပြီးတော့မှ တပ်မတော်ပါဝင်ခဲ့တယ်။ ဒီ အတွေ့ အကြုံတွေ တပ်မတော်မှာရှိ တယ်။ နောက် ကျွန်တော်တို့အခုသွားနေတာက ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်း၊ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းဆိုတာ ဥပဒေနဲ့အညီ တည်တည်ငြိမ်ငြိမ်သွားရမယ့် အခြေအနေရှိ ပါတယ်။ ဒီလိုသွားနိုင်ဖို့ဆိုလို့ရှိရင် အားလုံးက ပူးပေါင်းဆောင်ရွက်ဖို့လည်းလိုတာပေါ့။ ကျွန်တော်တို့ဒါက ဆောင်ရွက်ဖို့လိုတယ်။ နောက်တစ်ဖက်တည်းမှာပဲ ပြည်သူလူထုအနေနဲ့လည်း ဒီမိုကရေစီကျင့်ဝတ်တွေနဲ့အညီ၊ ကျင့်စဉ်တွေနဲ့အညီပေါ့၊ လိုက်ပါလုပ်ဆောင်နိုင်ဖို့လည်းလိုတယ်။ ဒါတွေကို ကျွန်တော်တို့ တပ်မတော်ကနေ ပြီးတော့မှ အားဖြည့်ပြီးတော့ ဆောင်ရွက်ပေးနေ တာ ဖြစ်ပါတယ်။

CNA - ဒီမိုကရေစီလမ်းခင်းဖို့အတွက် ပြည်သူလူထုအများစုက ပုဒ်မ ၄၃၆ ကို ပြုပြင်ပြောင်းလဲဖို့ လိုလား နေပါတယ်။ အဓိကကတော့ အဲဒီ ၂၅ ရာခိုင်နှုန်း ပါဝင်မှုကိုဖယ်ရှားပေးဖို့ပဲဖြစ်ပါတယ်။ အဲဒါကရော။

ဗိုလ်ချုပ်မှူးကြီး - ဒါကလည်း စောစောကအချက်နဲ့တော့ ဆက်စပ်တယ်လို့ ပြောရလိမ့်မယ်။ ကျွန်တော့်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ရှိရင် ပြင်ဆင်နိုင်စရာရှိတဲ့ အချက်တွေကို ပြင်ဆင်ဖို့အတွက် ကျွန်တော့်အနေနဲ့လည်း ဘာမှပြောစရာအကြောင်းမရှိပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်ရေး နဲ့ပတ်သက်ရင် အခန်း (၁၂)မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်တဲ့ ပုဒ်မတွေ သတ်မှတ်ထားတာရှိတယ်။ အဲဒီအထဲကနေပဲ ကျွန်တော်တို့ သွားရမှာဖြစ်ပါတယ်။ နောက်ဒီဥပဒေရေးတာလည်း ကျွန်တော်တို့ရေးတာမဟုတ် ဘူး။ ပြည်သူကို ကိုယ်စားပြုတဲ့၊ နောက်အလွှာအသီးသီးကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေပေါ့၊ အဲဒီ ကိုယ်စားလှယ်တွေကနေ ရေးခဲ့တာဖြစ်ပါတယ်။ ဒါလည်း သေသေချာချာ စဉ်းစားပြီးမှ လုပ်ခဲ့တဲ့ ကိစ္စပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီဥပေဒနဲ့အညီ ပြင်ဆင်ရေးဆောင်ရွက်တာနဲ့ ပတ်သက်လို့ ကျွန်တော်တို့အနေနဲ့ ဘာမှကန့်ကွက်စရာအကြောင်းလည်း မရှိဘူးလို့ ကျွန်တော်ပြောရလိမ့်မယ်။

CNA - ပြည်သူတွေကရေးခဲ့တဲ့ ပြည်သူ့အတွက်ဆိုလို့ရှိရင် အခုအချိန်မှာ ဒီဥပဒေတွေကို ပြင်ဆင် ဖို့ အတွက် အချိန်ကျရောက်ပြီလို့ထင်ပါသလား။

ဗိုလ်ချုပ်မှူးကြီး- ကျွန်တော်တို့ ပါတီစုံဒီမိုကရေစီစနစ်ကိုသွားတာ ၂၀၁၁ ခုနှစ်၊ မတ်လမှာ ကျွန်တော် တို့စ ခဲ့တာ၊ ၄ နှစ် အတွင်းမှာပဲရှိသေးတယ်၊ ကျွန်တော်တို့ အင်မတန် နုနယ် ပါသေး တယ်။ စောစောက ကျွန်တော်ပြောတဲ့ နိုင်ငံတော်ရဲ့သမိုင်းနဲ့ တပ်မတော်ရဲ့သမိုင်း ခွဲခြားလို့ မရ ဘူးလို့ ပြောတယ်။ အဲဒီတော့ ဒီအတွေ့အကြုံတွေအရ ကျွန်တော်တို့ပါတီစုံဒီမိုကရေစီစနစ်ကို သွား တဲ့အချိန် မှာ ကျွန်တော်တို့ သွားတဲ့စနစ်က ခိုင်ခိုင်မာမာဖြစ်ဖို့လိုတယ်။ နောက် ပါတီစုံဒီမိုကရေစီ စနစ်မှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဒီ ၃ ခုဟာ လွတ်လွတ်လပ်လပ်နဲ့ စနစ်တ ကျ ဆောင်ရွက် နိုင်ဖို့ အခွင့်အလမ်းတွေလည်း ရှိဖို့လိုတယ်။ နောက်လွှတ်တော်အနေနဲ့ ပြော မယ်ဆိုလို့ရှိရင်လည်း လွှတ်တော်မှာ လုပ်စရာအခန်းကဏ္ဍတွေ အများကြီးရှိတယ်။ ဒါတွေကို ကျွန်တော်တို့ အားဖြည့် ဆောင်ရွက်နိုင်ဖို့အတွက် တပ်မတော်ကနေပြီးတော့ ပါဝင်ဆောင် ရွက်ပေးနေတာဖြစ်တယ်လို့ ပြောလိုပါတယ်။

CNA - အခုအချိန်ဟာ လွှတ်တော်ရဲ့အတွေ့အကြုံက အရမ်းနည်းနေတယ်လို့ပြောကြတယ်။ ဒါပေမဲ့ နောင်တစ်ချိန်မှာ လွှတ်တော်ရဲ့အခန်းကဏ္ဍက ပိုမိုအားပြည့်နိုင်ဖို့၊ အားကောင်းဖို့အတွက် တပ်မတော် ရဲ့ ပါဝင်ပတ်သက်မှုကို ဘယ်လိုလျှော့ချမလဲ၊ အဲဒီအတောအတွင်းမှာ ဘယ်လိုစနစ်မျိုး နဲ့ သွားရင် ကောင်းမယ်လို့ ထင်ပါသလဲ။

ဗိုလ်ချုပ်မှူးကြီး - စောစောက ကျွန်တော်ဖြေခဲ့သလို ကျွန်တော်တို့က ၄ နှစ်လောက်ပဲ အတွေ့အကြုံ ရှိသေးတာကိုး၊ နောက်တစ်ခါကျွန်တော်တို့ ဥပဒေပြုရေးနဲ့ပတ်သက်ရင် လွှတ်တော်မှာတာဝန်ရှိ တယ်။ အဲဒီတော့ တပ်မတော်ကနေပြီးတော့မှ လွှတ်တော်မှာပါဝင်နေတဲ့ ကျွန်တော်တို့ ကိုယ်စား လှယ် တွေထဲကနေ ဥပဒေပြုရေးနဲ့ပတ်သက်တဲ့အခါမှာ အကြံပြုတာပဲရှိတယ်။ ကျွန်တော်တို့က ဘာမှ အဆုံးအဖြတ်ပေးလို့ မရဘူး။ ကျွန်တော်တို့က အကြံပြုမယ်။ ဒီဟာတော့ ဖြစ်သင့်တယ်။ ဒီဟာ တော့မဖြစ်သင့်ဘူး။ ဒါကို ကျွန်တော်တို့အကြံပြုတယ်။ ဆုံးဖြတ်တာတော့ လွှတ်တော် ကနေပြီး ဆုံးဖြတ်လိမ့်မယ်။ အဲဒီတော့ ကျွန်တော်တို့ပေးနိုင်တဲ့အကြံဥာဏ်တွေကို သူတို့သုံးနိုင်လဲ သုံးပေါ့။ မသုံးနိုင်ဘူးဆိုလည်း ကိစ္စမရှိပါဘူး။ အဲဒီတော့ ဒီမိုကရေစီကျင့်စဉ်နဲ့ ပတ်သက်လို့ရှိ ရင် စောစောက လွှတ်တော်က ဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေမှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ပြီလို့ဆိုရင် အဲဒီ အခြေအနေအပေါ်မှာ မူတည်ပြီးတော့ နောင်ဖြစ်လာမယ့် အခြေအနေကိုပဲ ဆက်လက် ဆောင်ရွက် သွားမှာပဲဖြစ်ပါတယ်။

CNA - ဥပမာ သူတို့အားလုံးသိတာကတော့ လွှတ်တော်မှာ တပ်မတော်ရဲ့ ပါဝင် ပတ်သက်မှု ၂၅ ရာခိုင်နှုန်းက တပ်မတော်ကိုအထောက်အပံ့ ပြုနိုင်တဲ့ တရားစီရင်ရေးဥပဒေကို ပြဌာန်းနိုင်ဖို့အတွက် အများကြီး အထောက်အကူပြုနေပါတယ်။ အဲဒီ ၂၅ ရာခိုင်နှုန်းကို မဖယ်ရှားပဲနဲ့တော့ လွတ်လွတ်လပ်လပ် လျှောက်လှမ်းနိုင်မယ်လို့ထင်ပါသလား။

ဗိုလ်ချုပ်မှူးကြီး- အဲဒီလိုတော့ မဟုတ်လောက်ဘူး၊ အဲဒီလိုတော့ မဟုတ်ဘူး။ သူတို့အကုန်လုပ်လို့ ရနေတာ။ ဥပမာအားဖြင့် လွှတ်တော်မှာ ကျွန်တော်တို့က ၂၅ ရာခိုင်နှုန်းပါနေတယ်ဆိုတော့ ၇၅ ရာခိုင်နှုန်း မဲပေးလို့ ရတာတွေလည်းရှိပါတယ်။ ဥပမာတစ်ခု ပြမယ်ဆိုလို့ရှိရင် အများရဲ့ မဲဆန္ဒ၊ ထောက်ခံတဲ့ မဲ နဲ့ အတည်ပြုလို့ရတဲ့ ဥပဒေတွေ အများကြီးရှိနေပါတယ်။ ကျွန်တော်တို့  ၂၅ ရာခိုင်နှုန်းက ထောက်ခံမှမဟုတ်ဘူး။ ကန့်ကွက်မှ မဟုတ်ဘူး။ ကျွန်တော်တို့ ၂၅ ရာခိုင်နှုန်း က ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည် ဖြစ်စေ၊ အများစုက ထောက်ခံတယ်ဆိုပြီးတော့ အတည်ပြု ပြဌာန်းလို့ရတဲ့ ဥပဒေတွေ လုပ်ငန်းရပ် နယ်ပယ်တွေ များစွာရှိတယ်။ တစ်ဘက် ကတော့ ဒီလိုကြီးတော့ သွားနေလို့မရဘူး။ ကျွန်တော်တို့ တစ်ချို့ဟာတွေမှာတော့ ထိန်းထားတဲ့ ဟာတွေ ရှိပါတယ်။ ကန့်သတ်ထားတဲ့ဟာတော့ ရှိပါလိမ့်မယ်။ ဒါပေမယ့် ဒါတွေက သိပ်အကျိုး သက်ရောက်မှု မရှိပါဘူး။

CNA - ဥပမာပြောရမယ်ဆိုရင်တော့ အခြေခံဥပဒေကိုပြင်ဆင်ဖို့အတွက် ၇၅ ရာခိုင်နှုန်းထက် ပိုပြီးတော့ လိုအပ်ပါတယ်။ ဒီအတွက်ကြောင့်မို့လို့ တပ်မတော်ရဲ့အရေးပါမှုက ဘယ်လိုရှိပါသလဲ။

ဗိုလ်ချုပ်မှူးကြီး - အခြေခံဥပဒေဆိုတာ ကျွန်တော်တို့နိုင်ငံတစ်နိုင်ငံမှာရှိတဲ့ ဥပဒေတွေရဲ့ မိခင် ဥပဒေပဲဖြစ် တယ်။ ဒီ အခြေခံဥပဒေကိုရေးတဲ့ အခါမှာလည်း သေသေချာချာစဉ်းစားပြီးတော့မှ ကျွန်တော်တို့ ရေးတယ်။ နောက်ဒီဥပဒေရေးတဲ့အခါတုန်းကလည်း နိုင်ငံတော်ရဲ့ သမိုင်းကြောင်းပေါ့။ နောက်ထုံးတမ်းစဉ်လာ တွေပေါ့။ နောက် တိုင်းရင်းသားလူမျိုးတွေရဲ့အခြေ အနေတွေ၊ အဲဒီ အခြေအနေတွေအပေါ်မှာ အကုန်လုံးချင့်ချိန်ပြီးတော့မှ၊ နောက်တစ်ချက် ရှိသေးတယ် တိုင်းပြည်ရဲ့ တည်နေရာ၊ တိုင်းပြည်ရဲ့ တည်ရှိမှုပေါ့။ တိုင်းပြည်ရဲ့တည်ရှိမှုအပေါ် မူတည်ပြီးတော့မှ ကျွန်တော်တို့ ဒီအခြေခံဥပဒေကို သေသေ ချာချာစဉ်းစားပြီးတော့မှရေးခဲ့ တာဖြစ်တယ်။ နောက်တစ်ခါ ဥပဒေ ဆိုတာ လည်း မကြာခဏ ပြင်လို့ မကောင်းဘူး။ ဥပဒေ တစ်ခုက ခိုင်ခိုင်မာမာဖြစ်ဖို့တော့လိုတယ်။ ဥပဒေတစ်ခုကို ကိုယ်လိုရာ စွဲပြီးတော့မှ ပြင်ဆင် ချက်တွေ မကြာခဏထွက်နေမယ်ဆိုရင် တည်ငြိမ်မှု ကို အများကြီးထိခိုက်သွားနိုင်တယ်။ ဒါကြောင့် လွယ်လွယ်ကူကူနဲ့ ပြင်လို့ရတဲ့ဥပဒေတွေရှိသလို၊ လွယ်လွယ်ကူကူနဲ့ပြင်လို့ မရတဲ့ဥပဒေဆိုတာ လည်းရှိတယ်။ ခုနကပြောသလိုပေါ့။ ဒီ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ ပင်မမိခင်ဥပဒေတစ်ခုဖြစ်တယ်။ ဒါကြောင့် ဒါနဲ့ပတ်သက်ပြီးလို့ရှိရင်  တော့ သေချာ ချိန်ဆပြီးတော့ မှပြင်လို့ရအောင် ကျွန်တော်တို့က ဒီဥပဒေကိုရေးဆွဲစဉ်က လိုအပ်တဲ့ ပုဒ်မတွေ ထည့်ထားခြင်းဖြစ်ပါတယ်။

CNA - ဒီအခန်းကို ဘယ်အချိန်မှာပြင်ဖို့ သင့်တော်မယ်လို့ထင်ပါသလဲ။

ဗိုလ်ချုပ်မှူးကြီး - ဒါကလည်း စောစောကပြောတဲ့ ဒီမိုကရေစီရဲ့အတွေ့အကြုံ၊ နိုင်ငံတော်ရဲ့ တည်ငြိမ် အေးချမ်းမှု၊ နိုင်ငံတော်၏စည်းလုံးညီညွတ်မှု၊ ဒီအပေါ်မှာ အများကြီးစကားပြော လိမ့် မယ်။ အဲဒါက အချိန် အတိအကျပြောဖို့ဆိုတာ ခက်တော့ခက်တယ်။ ဥပမာ- ကျွန်တော်တို့ဆီမှာ လက်ရှိ အခြေအနေက တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေ ဖြေရှင်းလို့မပြီးသေးဘူး။ ဒါတွေကို ကျွန်တော်တို့ဖြေရှင်းဖို့အတွက် ဆောက်ရွက်ဆဲကာလဖြစ်တယ်။ ဒီအပေါ်မှာဘယ်လို ရလဒ်တွေ ထွက်လာမလဲဆိုတာ မသိသေးဘူး။ အဲဒီတော့ ဒီအပေါ်ရဲ့ရလဒ်အပေါ်မူတည်ပြီး တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းမှုဘယ်လောက် အာမခံချက် ရှိမလဲ၊ မရှိလဲဆိုတာက စကားပြော လိမ့်မယ်။ ဒါကြောင့် ဒါကတော့ နည်းနည်းလေး စောင့်ကြည့်ဖို့လိုလိမ့်မယ်ထင်တယ်။

CNA - ဒါဆိုလို့ရှိရင် နှစ်ဖက်အပစ်အခတ် ရပ်စဲရေးစာချုပ်ရေးပြီးနိုင်တဲ့အထိ ဒီ-၄၃၆ ကိုမပြင်ဘူး လို့ ပြောလို့ရသလား။
ဗိုလ်ချုပ်မှူးကြီး -  ဒီလိုတော့ဘယ်လိုမှမပတ်သက်ပါဘူး။ အခြေအနေအမျိုးမျိုးပေါ်မှာ တည်ပြီးတော့ ပြောရမယ်။ ဒါကလည်း ဥပဒေအရပြောမယ်ဆိုရင် ပုဒ်မ-၄၃၆ ကိုပဲ မူတည်ပြီးပြောနေ ကြတာ၊ တကယ်တော့ အမျိုးမျိုး စဉ်းစားလို့ရတယ်။ ဒါ ခင်ဗျားတို့က တပ်ရဲ့အနေအထားကို ကြည့်ပြီးတော့ ၄၃၆ ကိုပြောတာ။ တကယ်လို့ တပ်ရဲ့အနေအထား တစ်မျိုးဖြစ်မယ်ဆိုရင် ၄၃၆ က ပြင်ဆင်ရေး မပြင်ဆင်ရေးဟာ အဓိပ္ပါယ် တစ်မျိုးထွက်သွားနိုင် တယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ကတော့ ဒီဟာနဲ့ပတ်သက်ပြီး တော်တော်လေးချိန်ဆပြီး  လုပ်ရ မယ့်သဘောမှာရှိတယ်လို့ ပြောချင်တယ်။

CNA - အဲဒါကိုမပြင်ချင်တာ ဘာအတွက်စိတ်ပူလို့ပါသလဲ။

ဗိုလ်ချုပ်မှူးကြီး- ဘာမှစိတ်ပူစရာအကြောင်းမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီ ဥပဒေရေးတုန်း က ပြည်သူတွေရဲ့ ဆန္ဒနဲ့ ရေးတာ၊ ပြည်သူရဲ့ဆန္ဒအရ ပြင်ဆင်တဲ့အချက်တွေ ဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ဒီဟာကို လိုက်နာရမှာပဲဖြစ်တယ်။ ဘာမှဒီဟာကို ကျွန်တော်တို့ စိတ်ပူစရာ အကြောင်းမရှိဘူး။

CNA -  ပြည်သူတွေက အခုအချိန်မှာ ပြင်ဆင်လိုပါတယ်။ အဲဒီအတွက်ရော။

ဗိုလ်ချုပ်မှူးကြီး - ဒါကတော့ လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်နေတာ တွေ့ရှိပါတယ်။ အဲဒီကနေ ဆက်လက်ဆောက်ရွက်တဲ့ အဖြေအပေါ်မှာဘဲ ကြည့်ရပါလိမ့်မယ်။

CNA - ခုနကပြောခဲ့သလို ပါလီမန်ရဲ့အတွေ့အကြုံဟာလည်း နုနယ်သေးတယ်။ ဒီမိုကရေစီက လည်း သက်တမ်းနုသေးတယ်ဆိုရင် ဒီလိုအခြေအနေမျိုးရောက်အောင် ဒီမိုကရေစီသက်တမ်း မြှင့် ပြီးတော့ ပါလီမန်ရဲ့အစွမ်းတွေပြည့်ဝအောင် ဘယ်လိုအချက်တွေလိုပါသလဲ။အဲဒီအချိန်ကျရင် ဘယ်လိုပုံစံမျိုးနဲ့ လျော့ချမလဲ၊ တစ်ဖြည်းဖြည်းလျော့မလား၊ လုံးဝကိုဖယ်ထုတ်လိုက်မလား သိချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး - ဒါကလည်း ခုနပြောတဲ့ဖြတ်သန်းမယ့်လမ်းကြောင်းပေါ်မှာလည်း အများကြီး မူတည်ပါသေးတယ်။ ကျွန်တော်တို့အနေနဲ့ ခုနက ခင်ဗျားမေးတဲ့ ထိန်းသိမ်းထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြောရလို့ရှိရင် တပ်မတော်အနေနဲ့နိုင်ငံတော်ရဲ့ အာဏာတွေနဲ့ပတ်သက်ရင် ဥပဒေ အရ ပြဌာန်းထားတဲ့အတိုင်းပဲ လုပ်လို့ရတယ်။ ကျွန်တော်က တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကိုပဲ Control လုပ်လို့ရမယ်၊ ထိန်းသိမ်းလို့ရမယ်။ နိုင်ငံတော်ကိုတကယ် ထိန်းသိမ်း တာက ခုနပြောတဲ့ ဟိုဘက်က အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေး ကဏ္ဍသုံးခုက သူ့ကဏ္ဍနှင့် သူ ထိန်းကျောင်းသွားတာဖြစ်တယ်။ ဒါပေမယ့် နိုင်ငံရဲ့အကြီးအကဲကတော့ သမ္မတ၊ အဲဒီတော့ သမ္မတရဲ့ ဦးဆောင်မှုအောက်မှာ ဥပဒေနဲ့ အညီအားလုံးသွားရတာဖြစ်တယ်။ အဲဒီတော့ ဒီလိုသွားနေတဲ့ ကာလပတ်လုံး နံပါတ်တစ်အချက် ကျွန်တော်ကတော့ အခက်အခဲ မရှိနိုင်ဘူးလို့ ယူဆတယ်။ တစ်ဘက်ကလည်း ခုနပြောတဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍ လျော့ချမှုနဲ့ ပတ်သက် လို့ရှိရင် နိုင်ငံတော်ရဲ့ဖြစ်ပေါ်တိုးတက်မှုတွေအပေါ်မူတည်ပြီးတော့ပဲ ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် CNA သတင်းဌာနတို့၏ တပ်မတော်နှင့် အမျိုးသားနိုင်ငံရေးတာဝန်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ နိုင်ငံတော်၏ အရေးပေါ်အခြေအနေနှင့် တပ်မတော်၏ လုပ်ငန်း တာဝန်ဆိုင်ရာများနှင့်ပတ်သက်၍ အမေးအဖြေကဏ္ဍ(အပိုင်း ၂)

နေပြည်တော်၊ ဇန်နဝါရီ-၂၁

CNA - ထိုင်းနိုင်ငံနဲ့ပတ်သက်ပြီး သူတို့နိုင်ငံရဲ့အာဏာသိမ်းမှုကို ထောက်ခံခဲ့တယ်လို့ သိရတယ် ဘာကြောင့် ပါလဲ။

ဗိုလ်ချုပ်မှူးကြီး - ကျွန်တော်ပြောခဲ့တဲ့ တပ်မတော်ရဲ့တာဝန်က နိုင်ငံတော်ကာ ကွယ်ရေးတာဝန် ထမ်းဆောင်ဖို့ဖြစ်တယ်။ နိုင်ငံတော်ကာကွယ်ရေးဆိုတဲ့နေရာမှာလည်း တိုင်းပြည်ကို လုံခြုံအောင် လုပ်ဖို့၊ နောက်ပြီး ပြည်သူ လူထု၏အသက်အိုးအိမ်စည်းစိမ် မထိခိုက်အောင်ကာကွယ်ဖို့ ဒါလည်းအကျုံး ဝင်ပါတယ်၊ တစ်ကယ် တော့ နိုင်ငံတစ်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ဆိုတာ အုပ်ချုပ်တဲ့အစိုးရ၊ နောက်တစ်ခု က တရားဥပဒေစိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှုရှိအောင်လုပ်ဖို့ ဆို တာ အုပ်ချုပ်ရေးအဖွဲ့အစည်းနဲ့ ရဲတပ်ဖွဲ့ရဲ့ တာဝန်ဖြစ်တယ်၊ ဒါတွေကို မလုပ်နိုင်ဘူးဆိုရင် အဲဒီလုပ်ငန်းရပ်တွေကို ကူညီဆောင်ရွက်ပေးနိုင်တာ ခိုင်မာတဲ့အဖွဲ့အစည်းက တပ်မတော်ပဲရှိ တယ်၊ ဘယ်မှာပဲကြည့်ကြည့် ဒီလိုပဲသွားနေတယ်၊ စောစောကကျွန်တော် ပြောခဲ့တယ် ဒီထိုင်းနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွေးကောက်ပွဲ ကိစ္စပြောခဲ့တယ်။ အဲတော့ထိုင်းနိုင်ငံမှာလည်း အာဏာရပါတီ၊ အာဏာရအစိုးရ အနေနဲ့ သူဘယ်လောက်ပဲတိုင်းပြည် အတွက်လုပ်လုပ် တစ်ဖက်အဖွဲ့ အစည်းက သူ့ကိုကန့်ကွက်တာတွေသွားကြုံရတယ်။ သွားကြုံရတဲ့ အခါကျတော့ သူတို့နှစ်ပါတီက အတိုက်အခံနဲ့အာဏာရ ပါတီနဲ့ ကညှိနှိုင်းတာပဲလုပ်ကြတယ်။ ဒါပေမယ့် ဘယ်လို မှလုပ်လို့မရဘူး၊ ညှိလို့မရဘူး၊ ဒီထဲမှာကြားညပ်နေတာက ပြည်သူလူထုပဲ၊ တပ်မတော် အနေနဲ့လဲအဲဒီတုန်းက အတတ်နိုင်ဆုံးညှိပေးတယ်၊ နောက်ဆုံးဘယ်လိုမှ ညှိလို့မရတဲ့အခါကျ မှ နိုင်ငံတော်ရဲ့အခြေ အနေအရပ်ရပ်ကိုသူတို့ထိန်းလိုက် တာဖြစ်တယ်၊ ဘာသွေးထွက် သံယိုမှ မရှိဘူး၊ ကျွန်တော်တို့နိုင်ငံမှာ အဲလိုအရေးအခင်းတစ်ခု ရှိခဲ့ဘူးတယ်၊ ၁၉၈၈ ခုနှစ်ကဖြစ်တယ်၊ အဲဒီတုန်းက အာဏာရ ပါတီဖြစ်တဲ့ စောစောကပြောတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ က တိုင်းပြည်ကိုဘယ်လိုမှ ထိန်းသိမ်းနိုင်တဲ့ အခြေအနေ မရှိဘူး၊ မရှိတော့မထိန်းသိမ်းနိုင်တဲ့ အခြေအနေ အပြင်ကို တိုင်းပြည် အတွင်းမှာ ဆူပူမှုတွေရော အကြမ်းဖက်မှုတွေရော နောက်ဆုံး လူသတ်မှု တွေအထိဖြစ်လာတယ်၊ ဒါဒီဘက်က တရားဥပဒေ စိုးမိုးရေး၊ နောက်လုံခြုံရေး အပိုင်းပေါ့၊ လုံခြုံရေး အပိုင်းဆိုရင်လည်း နယ်စပ်ဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တွေကနေ တိုင်းပြည်ရဲ့တည်ငြိမ်အေးချမ်းမှုနဲ့ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာ ထိခိုက်နိုင် မယ့်အခြေအနေမျိုးထိကို ခြိမ်းခြောက် မှုတွေရှိလာတယ်၊ ဒါကြောင့်တပ်မတော်က အခြေအနေ အရပ်ရပ် ကို ထိန်းပေးခဲ့တာ၊ ထိုင်းနိုင်ငံရဲ့ဖြစ်စဉ်ထက် ကျွန်တော်တို့က အများကြီးဆိုးတယ်၊ ဒါပေမယ့် ထိုင်းနိုင်ငံက သွေးထွက်သံယိုမှုမရှိဘဲ တိုင်းပြည်အခြေ အနေကို ထိန်းသိမ်းပေးလိုက် တာ၊ ပြည်သူလူထုကိုအကာကွယ် ပေးတာနဲ့ အတူတူပဲ၊ ဒါကြောင့် ကျွန်တော်က သူတို့လုပ်တာ ကို ထောက်ခံပေးတာဖြစ်တယ်၊ တစ်ကယ်တော့ ဘယ်လိုပဲရိုးရိုး ရှင်းရှင်းစဉ်းစား ကြည့်မယ်ဆိုရင် ဒီကလွဲလို့ရှိရင် တစ်ခြားရွေး စရာလမ်းမရှိပါဘူး၊ သူတို့အနေနဲ့ ဥပဒေနဲ့အညီ ဖြစ်အောင်ဆက် လုပ်ဖို့ တော့လိုပါလိမ့်မယ်။

CNA - ထိုင်းနိုင်ငံမှာ အစိုးရနဲ့အတိုက်အခံကြား ပဋိပက္ခဖြစ်တဲ့အတွက် စစ်တပ်ကအာဏာသိမ်း ခဲ့တယ်၊ ဒါဆိုမြန်မာပြည်မှာရော အဲလို ဖြစ်လာရင်ဘယ်လို လုပ်မှာလဲ။

ဗိုလ်ချုပ်မှူးကြီး - ကျွန်တော်တို့ ဒီလိုအခြေအနေမျိုးအထိ ကျွန်တော်တို့က လုံးဝ မမျှော်လင့်ထားဘူး၊ တစ်ကယ်လို့လည်း အခြေအနေအရ ဘယ်လိုမှဖြစ်တည်မလာဘူး ဆိုရင်တော့ ဥပဒေအရ သွားရ မှာပဲ ဖြစ်တယ်။ အဲလိုဥပဒေနဲ့အညီ လုပ်ဆောင်နိုင်ဖို့အတွက်လည်း ကျွန်တော်တို့နားလည်မှုတော့ လိုပါတယ်။

CNA -  ထိုင်းနိုင်ငံမှာလိုပဲ မြန်မာပြည်မှာ တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်တဲ့အခါမှာ အာဏာသိမ်းဖို့ဖြစ်နိုင်သလား။
ဗိုလ်ချုပ်မှူးကြီး - မဖြစ်နိုင်ဘူး၊ ဥပဒေရှိတယ်၊ ဥပဒေနဲ့ပဲသွားရမယ်။

CNA -  မြန်မာပြည်မှာစစ်တပ်ကအာဏာသိမ်းဖို့ မဖြစ်ဘူးလို့်ပြောတာလား။
ဗိုလ်ချုပ်မှူးကြီး - ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လုပ်ဆောင်မယ့်အချက်အလက်တွေ ရှိပါတယ်။ ဒါကြောင့်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ပြီး ကျွန်တော်တို့ ဘာမှလုပ်လို့မရပါဘူး။ ကျွန်တော်တို့တပ်မတော် အနေနဲ့လည်းဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့် ရှောက်ရ မယ်လို့ပါထားတာရှိတယ်။ ဒါကြောင့်အခြေခံဥပဒေမှာ ပြဌာန်းထား တဲ့အတိုင်း ဆောင်ရွက်ရ မှာဖြစ်တယ်။

CNA - အခုဆိုရင်ပြည်သူတွေက သူတို့ရဲ့ရပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့ ဆန္ဒပြတာတွေရှိတယ် ပိုပြီးတော့ကျယ်ကျယ်လောင်လောင် တောင်းဆို လာတာတွေရှိတယ် အဲ့တော့လာ မယ့်ရွေးကောက် ပွဲမှာ ထိန်းသိမ်းရ ခက်မယ့် အခြေအနေမျိုး ဖြစ်လာနိုင်တယ် အဲလိုအခြေအနေ မျိုး ရောက်လာရင်ဘယ်လိုများ ဆောင်ရွက်မလဲ။

ဗိုလ်ချုပ်မှူးကြီး - ကျွန်တော်တို့ကတော့ဒီလိုမျိုးအခြေအနေဆိုးတွေမဖြစ်အောင် ထိန်းသိမ်းမှာပေါ့၊ စောစောကကျွန်တော်ပြောခဲ့ပါတယ် ကျွန်တော် တို့က ၁၉၆၂ ခုနှစ်ကနေ ပြီး တော့ ၂၀၁၁ ခုနှစ်မတ်လ အထိ ဗဟိုချုပ်ကိုင်မှုအစိုးရကနေပြီး သွားခဲ့တဲ့အတွက်ကြောင့် ပြည် သူတွေ မှာ ခံစားချက်ရှိနိုင်တယ်။ ဒီခံစားချက်တွေကိုပြောလာတဲ့ အခါမှာ ကျွန်တော်တို့က ဥပဒေ နဲ့အညီဖြစ်အောင်ဖြေရှင်းဆောင်ရွက် ပေးနေပါတယ်။ ဆောင်ရွက်ပေးနေတဲ့ကိစ္စရပ်တွေလည်းအ များကြီး ရှိပါတယ်၊ အဓိကကတော့ ပြင်ပကနေ အားပေးလှုံဆော်မှုတွေ မဖြစ်ဖို့အရေးကြီး တယ်၊ နောက်ပြည်သူ လူထုတွေအနေနဲ့ လည်းတရားဥပဒေအပေါ်မှာ အလေးထားမှု ဆိုတာလို အပ်တယ်၊ ကျွန်တော်တို့တွေက ဗုဒ္ဓဘာသာကိုးကွယ်တဲ့ လူအများစုဖြစ်ပါတယ်။ မြန်မာ လူမျိုးတွေ က စိတ်ရှည်သည်းခံတဲ့ အလေ့အထ၊ အလေ့ အကျင့်တွေရှိပြီးသားဖြစ်တယ်။ ဒါတွေကို သေသေချာချာ ထိန်းသိမ်း ဆောင်ရွက်သွားမယ်ဆိုရင် ဆိုးရွားတဲ့ ပဋိပက္ခတွေဖြစ် မလာနိုင်ဘူးလို့ ကျွန်တော်ကတော့ထင်ပါတယ်။ ဒီလိုပဲယုံကြည်ထားတယ်။ တစ်ကယ် လို့ဖြစ်လာ လို့ဆိုရင်လည်း ဥပဒေနဲ့အညီဖြစ်အောင် သူတို့ကိုစနစ်တကျ ထိမ်းရမှာဖြစ်ပါတယ်။ အရေးကြီးတာကတော့ နားလည်မှုပါပဲ၊ နောက်တစ်ခုက ပထမဦး ဆုံးပြောခဲ့တဲ့ အရေး အကြီးဆုံး အချက်ကတော့ သူတို့ကိုအပြင် ကနေပြီးတော့ အားပေး လှုံဆော်မှုတွေမပြုဘို့ အရေးကြီးပါတယ်။ တစ်ချို့ကလည်းခံစားချက် ရှိတော့ ခံစားချက်ပေါ်မှာ လှုံဆော်မှုနဲ့ ပေါင်းစပ်လို့ရှိရင် ဒီလို ပေါက် ကွဲမှုတွေဖြစ်သွားနိုင်စရာ အကြောင်းရှိပါတယ်၊ ဒါတွေ မဖြစ်အောင်ပြည်သူလူထု တစ်ဦးတည်း တင်မဟုတ်ဘဲ ပတ်ဝန်းကျင် အခြေအနေနဲ့ အများကြီးဆိုင်တယ်လို့ ပြောရလိမ့်မယ်။

CNA -  အပြင်ကလှုံ့ဆော်မှုဆိုတာဘယ်လိုမျိုးတွေကို ပြောတာပါလဲ။

ဗိုလ်ချုပ်မှူးကြီး - အခုနကပြောတဲ့ တိုက်ရိုက်ခံစားချက်ရှိတဲ့လူတွေမဟုတ်ဘဲ၊ သူတို့နဲ့ မသက်ဆိုင် တဲ့ အဖွဲ့အစည်းတွေက မင်းတို့လုပ်တာမှန်တယ်၊ မင်းတို့ လုပ်တာဆက်လုပ်ရမယ်ဆိုပြီးတော့ ခံစားချက်ကို ပိုမိုပြင်းထန် အောင် လုပ်ပေးတဲ့ဟာမျိုးကိုပြောတာပါ၊ သူတို့ကိုယ်တိုင်မဟုတ်ဘူး သူတို့နဲ့မသက်ဆိုင်တဲ့ အဖွဲ့အစည်း တွေကလုပ်ပေးတာကိုပြောတာ။

CNA - စောစောကပြောတဲ့ ပြင်ပလှုံ့ဆော်တဲ့ အဖွဲ့အစည်းတွေကဘယ်လောက်အင်အားကြီးနေ  ပါသလဲ၊ ဘယ်လိုအခြေအနေမျိုးမှာ တပ်မတော်က နောက်ထပ်ခြေတစ် လှမ်းတိုးပြီး ဆောင် ရွက် မှာလဲ။

ဗိုလ်ချုပ်မှူးကြီး- ဒါကတော့အခြေအနေပေါ်မှာအများကြီးတည်တယ်၊ ဥပမာ သူတို့ အားပေး လုပ်ဆောင်မှုက နည်းရင် နည်းတဲ့အတိုင်းအတာ အလျောက်ကျွန်တော်တို့ ဖြေရှင်းရမယ်၊ များရင်များ တဲ့အတိုင်း အတာအလျောက်ဖြေရှင်းရမှာရှိတယ်၊ ကျွန်တော်တို့ မှာဥပဒေရှိ တယ်၊ တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်ပြီး တရားသူကြီးကစပြီးလုပ် ရတာရှိတယ်၊ အုပ်ချုပ်ရေး ကလုပ်ရတာရှိတယ်၊ ရဲတပ်ဖွဲ့က လုပ်ရတာရှိတယ်၊ ရဲတပ်ဖွဲ့ကလုပ်လို့ မရတာဆိုရင် တပ်မတော် ကို အကူအညီတောင်းရတာရှိတယ်၊ ဒါတွေကလည်းအခြေခံ ဥပဒေမှာ ပြဌာန်းထားတာရှိတယ်၊ ဒီလိုပဲတစ်ဆင့်ပြီးတစ်ဆင့်သွားရတယ်၊ မထိန်းသိမ်းနိုင်ဘူးဆိုပြီးတော့မှ ကျွန်တော်တို့က ကျော်ပြီး လုပ်လို့ မရဘူး၊လုပ်နိုင်တဲ့အဖွဲ့အစည်းတွေရှိပြီးသား၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းရှိတယ်၊ တရားဥ ပဒေ စိုးမိုးရေးလုပ်နေတဲ့ ရဲတပ်ဖွဲ့ရှိတယ်၊ အဲဒီက နေလုပ်လို့မရဘူးဆိုမှသာ တပ်မတော် ကဆောင်ရွက်ပေးဖို့ အတွက်ကို သက်ဆိုင်ရာအမိန့်ပေးပိုင်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်ကနေမှ ဆောင် ရွက်ဖို့ ကို ကျွန်တော်တို့ကိုပြောမှသာ တပ်မတော်က လုပ်လို့ရမှာဖြစ်တယ်။

CNA -  အဲလိုလုပ်ဖို့က ဘယ်လိုအခြေအနေမျိုးကိုဆိုပါသလဲ။

ဗိုလ်ချုပ်မှူးကြီး- ဘယ်လိုမှထိန်းမရတော့ဘူးဆိုရင်၊ အခြေအနေမျိုးရောက်လာရင် သက်ဆိုင် ရာ ပြည်နယ်နဲ့ တိုင်းမှာရှိတဲ့အစိုးရအဖွဲ့ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတ ထံတင်ပြ၊ နိုင်ငံတော် သမ္မတ ကနေပြီးတော့မှ ဒီနေရာတော့ တပ်က ဝင်ဖို့လိုတယ်၊ တပ်မတော်က ကူညီမှု လိုတယ် ဆိုရင် တပ်မတော်ရဲ့ အကူအညီနဲ့ဝင်ပြီးတော့ထိန်းသိမ်းရမယ်၊ သူကအရေးပေါ်အခြေ အနေ ကြေငြာ ရမယ်၊ အဲလိုကြေငြာရင် တပ်က ဥပဒေနှင့်အညီပဲ လုပ်လို့ရမယ်၊ ဥပဒေနှင့်အညီ မလုပ် ရင် ကျွန်တော်တို့ရင်ဆိုင်ရမှာ အများကြီးရှိတယ်။

CNA -  ဒါဆိုလို့ရှိရင် သမ္မတ ဒါမှမဟုတ်ဝန်ကြီးချုပ်တွေရဲ့ ခွင့်ပြုချက် မရဘဲနှင့် တပ်မတော်က ဝင်ရောက်စွက်ဖက်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောချင်တာလား။

ဗိုလ်ချုပ်မှူးကြီး - သေချာတာပေါ့၊ ကျွန်တော်တို့နိုင်ငံတော်အခြေအနေနဲ့ပတ်သက်ရင် တကယ့်နောက်ဆုံးအဆုံးဖြတ် ပေးနိုင်တာ နိုင်ငံတော်သမ္မတပဲ၊ နိုင်ငံတော်သမ္မတကနေပြီးတော့ လုပ်ပါဆိုရင်သူကလည်း ဥပဒေ အရပေးထားတဲ့ လုပ်ပိုင်ခွင့်တွေရှိတယ်၊ အဲဒါကိုကျော်ပြီးတော့ လုပ်လို့မရဘူး၊ သူလည်း မျိုးစုံချိန်ဆပြီးတော့မှ လုပ်လို့ရမယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ ရခိုင် မှာဖြစ်ခဲ့တဲ့ အခက်အခဲတွေ အကျပ်အတည်းတွေဆိုရင် နောက်မိထ္ထီလာမှာ ဖြစ်ခဲ့တဲ့ အခက်အခဲ အကျပ်အတည်းတွေ ဥပဒေနဲ့အညီတစ်ဆင့်ပြီး တစ်ဆင့် ကျွန်တော်တို့ လုပ်ခဲ့တာဖြစ်ပါတယ်၊ ဒါကြောင့်လည်း ကျွန်တော်တို့ အဆိုးမဖြစ်ဘဲနဲ့အဆိုးဖြစ်မယ့် အခြေအနေကနေ အကောင်းဘက် ကိုပြန်ရောက်လာတယ်၊ သွားတာတော့အဆိုးဘက် သွားတာပဲ၊ ဒါပေမယ့် အဆိုးဖြစ်တဲ့ အခြေ အနေ အထိ သိပ်လွန်လွန်ကျူးကျူး ဖြစ်မသွားအောင်ရအောင်ထိန်းလိုက်တယ်။ ထိန်းပြီးတော့မှ အကောင်းဘက် ကိုပြန်ရောက်လာတယ်၊ ဒါကြည့်မယ်ဆိုရင် ကျွန်တော်တို့လုပ်နေတဲ့ Process ကိုမြင်နိုင်လိမ့်မယ်။

No comments:

Post a Comment