Wednesday, November 19, 2014

စီးပွားရေး လုပ်ငန်းရှင်တွေဆီကKNU တပ်မဟာ(၂) နှစ်စဉ်ကြေး (ဆက်ကြေး) ကောက်မယ်

တောင်ငူ၊ နိုဝင်ဘာ ၁၆
ကရင်အမျိုးသား အစည်းအရုံး(KNU) လက်အောက်ရှိ တောင်ငူခရိုင် အခြေစိုက် တပ်မဟာ ၂ က ထန်းတပင်မြို့နယ်မှာ ရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ဆီကနေ နှစ်စဉ်ကြေးကောက်ခံမယ်ဆိုပြီး အကြောင်းကြားစာကို နိုဝင်ဘာလ ၁၅ရက်နေ့မှာ ပို့ခဲ့တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
လုပ်ငန်း အမျိုးအစား အလိုက် နှစ်စဉ်ကြေး ကျပ်ငါးသောင်းကနေ ကျပ်နှစ်သိန်းအထိ ပေးဆောင်ရ မှာဖြစ်ပါတယ်။ နိုဝင်ဘာလကုန်ပိုင်းမှာ အပြီးပေးဆောင်ရမယ် ဆိုပြီး အဲဒီစာမှာ ဖော်ပြထား တယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေ ဆီကနေ သိရှိရပါတယ်။
အရင်က တပ်မဟာ ၂ နဲ့  ဆက်စပ် နယ်မြေဖြစ်တဲ့ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်း နယ်နိမိတ်မှာ တရား မဝင် သစ်ထုတ်သူတွေနဲ့ ရွှေတူးဖော်ရေး လုပ်ငန်းတွေကိုပဲ တောင်းခံလေ့ရှိတယ်လို့ ထန်းတပင်မြို့ခံ အသက် ၄၈ နှစ်အရွယ်ရှိ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။
နှစ်စဉ်ကြေး ကောက်ခံမယ် ဆိုတာနဲ့ ပတ်သက်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထား ပြီး နှစ်ဖက် ညှိနှိုင်းပြီးတော့ အမြန်ဆုံး ဖြေရှင်းပေးမယ်လို့ ထန်းတပင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြသက်မောင်က ဆိုပါတယ်။
“ဒီမိုကရေစီ အစိုးရ လက်ထက်မှာ လုံးဝမဖြစ်သင့်တဲ့ လုပ်ရပ်တစ်ခုပါ။ တရားလည်း မဝင်ဘူး။ ရှင်းရှင်းပြောရရင် အနိုင်ကျင့်တာပဲ” လို့ သူက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက် လို့ တောင်ငူခရိုင် တပ်မဟာ ၂ ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးစောမောင်ရွှေ ဆီကို နိုဝင်ဘာလ ၁၆ ရက်နေ့က အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ပါဘူး။ ကျောက်တင်ကားကြီး တစ်စီးကို ကျပ် ငါးသောင်း၊ ရွှေဆိုင်ဆိုရင် ကျပ်နှစ်သိန်း ပေးဆောင်ရမယ်။ အခုလို တောင်းခံ တာဟာ တောင်ငူခရိုင် ကရင်အမျိုးသား အစည်းအရုံး ဗဟိုရဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ KNU တပ်မဟာ ၂ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထန်းတပင်မြို့နယ်က ကျေးရွာပေါင်း ၂၀ ကို နှစ်စဉ်ကြေးကောက်ခံမှာနဲ့ ပတ်သက်လို့ ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်တိုင်းမှူး ဆီသို့ ပေးပို့ထားတယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
The Voice

No comments:

Post a Comment