Tuesday, October 7, 2014

DKBA ဗျူဟာမှုး ဗိုလ်မှုးကြီး စောဆန်းအောင်အား ဖမ်းဝရမ်းထုတ်ထား

Monday, October 6, 2014
ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသား တပ်မတော် (DKBA) မှ ဗိုလ်မှုးကြီးစောဆန်းအောင်ကို တပ်မတော် တပ်သားများအား ပစ်ခတ်မှု၊ လက်နက်ပြန်မအပ်မှုတို့ဖြင့် ဖမ်းဝရမ်းထုတ် ထားသည်ဟု အရှေ့တောင်တိုင်းစစ်ဌာနချူပ်မှ သိရသည်။မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်၊ ကလိုင်းကနိုင်ကျေးရွာတွင် စက်တင်ဘာလ (၂၆)ရက်နေ့က တပ်မတော်သားအချို့နှင့် ရဲတပ်ဖွဲ့ဝင်အချို့ ပါဝင်သော ကားအား DKBA တပ်က ပစ်ခတ်သဖြင့် နှစ်ဖက်တိုက်ခိုက်မှုများ ဖြစ်ပွားရာတွင် တပ်မတော်နှင့် ရဲ တပ်ဖွဲ့မှသေနတ်များကို သိမ်းဆည်းသွားခဲ့သဖြင့် ကျိုက်မရောမြို့ မြို့မရဲစခန်းက DKBA မှ ဦးဆောင်တိုက်ခိုက်ခဲ့သူ ဗိုလ်မှုးကြီးစောဆန်းအောင်အား စက်တင်ဘာလ ၃၀ ရက်နေ့က ဖမ်းဝရမ်း ထုတ်လိုက်ခြင်းဖြစ်ကြောင်း အရှေ့တောင်တိုင်း စစ်ဌာနချူပ်မှ ဗိုလ်မှုးဥာက်စိုးလွင်ထံမှ သိရသည်။
“သူတို့ကစတင်ပြီးတော့ ပစ်လို့ ကျွန်တော်တို့ဘက်က ဗိုလ်မှုးတစ်ဦးပေါင်မှာ ဒဏ်ရာရသွားတယ်။ တပ်မတော်သား ၁၂ ယောက်ကိုဖမ်းဆီးတယ်။ သေနတ်တွေကို သိမ်းဆည်းသွားတယ်။ လူတွေကိုတော့ အဲ့ဒီနေ့မှာပဲ ပြန်လွှတ်ပေးခဲ့တယ်။သေနတ်တွေကိုတော့ ခုထိပြန်မပေးသေးဘူး။ ဒါ့ကြောင့် ဖမ်းဝရမ်း ထုတ်ထားရတာဖြစ်တယ်”ဟု ဗိုလ်မှုးဥာဏ်စိုးလွင်က ပြောသည်။
ထို့အပြင်တပ်မတော်ထံမှ သိမ်းဆည်းထားသည့် သေနတ်များကိုပြန်ပေးရန် အရှေ့တောင်တိုင်း စစ်ဌာနချူပ် အား ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသားတပ်မတော်(DKBA) က အောက်တိုဘာလ (၅)ရက်နေ့တွင် ကတိပေးထားသည်ဟုလည်း DKBA ကော့ကရိတ်ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှုးစောသရဲနီက ပြောသည်။
“ဗိုလ်မှုးစောဆန်းအောင်တို့ အဖွဲ့ကို ကျွန်တော်တို့နဲ့မတွေ့သေးပါဘူး။ ဒါပေမဲ့ သေနတ်တွေကို ပြန်လာအပ်ဖို့တော့ ပြောထားပါတယ်”ဟု ဗိုလ်မှုးစောသရဲနီက ပြောသည်။
ယခုကဲ့သို့ လုပ်ဆောင်သွားခြင်းမှာ တပ်မတော်နှင့် DKBA တို့အကြား နားလည်လက်ခံထားသည့် ယုံကြည်မှုကို ထိခိုက်စေသည်ဟု ဗိုလ်မှုးဥာဏ်စိုးလွင်က မှတ်ချက်ပြုသည်။
“အပစ်ရပ်လက်မှတ်ထိုးထားတာဖြစ်လို့ အခုလိုလုပ်ဆောင်သွားတာကတော့ မကောင်းပါဘူး။ တစ်ဘက်နဲ့တစ်ဘက် ယုံကြည်မှုကို ထိခိုက်စေတယ်”ဟု၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင်လည်း တိုက်ပွဲများရပ်ဆိုင်းကာ နှစ်ဖက်တပ်များအကြား ဖြစ်ပေါ်နေသော ပဋိပက္ခများဖြေရှင်း ရန် ကာကွယ်ရေးဦးစီးချူပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချူပ်ကြီးခင်ဇော်ဦးမှာ ကော့ကရိတ်မြို့ သို့ အောက်တိုဘာလ ၂ရက်နေ့တွင် ရောက်ရှိနေကြောင်း အရှေ့တောင်တိုင်းစစ်ဌာနချူပ်မှ သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး DKBA မှ ဗျူဟာမှုး ဗိုလ်မှုးကြီးစောဆန်းအောင်ထံ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းပိတ်ထားသည်။
DKBA အနေဖြင့် တပ်မတော်အပါအ၀င် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGFတို့နှင့်လည်း စက်တင်ဘာလအတွင်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိခြင်းများလည်းရှိခဲ့သည်ဟု ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF)မှ သိရသည်။

မင်းအံ့သွန်း(မြစ်မခ)
Shwe Myitmakha Media Group

No comments:

Post a Comment