Tuesday, October 7, 2014

ထောက်လှမ်းရေးထိပ်တန်းအရာရှိဟောင်းများအပါအ၀င် အကျဉ်းသား ၃၀၇၃ ဦးအား လွတ်ငြိမ်းခွင့်ပေး

ရန်ကုန်- နိုင်ငံတော်သမ္မတက အောက်တိုဘာ ၇ ရက်တွင် အကျဉ်းထောင်အသီးသီး၌ ပြစ်ဒဏ်ကျခံနေ ရသော အကျဉ်းသား ၃၀၇၃ ဦးအား လွတ်ငြိမ်းခွင့်ပေးအပ်ရာ ယခင်စစ်ထောက်လှမ်းရေးမှ ထိပ်တန်း အရာရှိဟောင်းများနှင့် နိုင်ငံခြားသားအချို့ပါဝင်ကြောင်း သတင်းရရှိသည်။
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသူများထဲတွင် ဗိုလ်ချုပ်ကြီးခင်ညွှန့်(ငြိမ်း)၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူးနိုင်ဌေး(ပူတာအိုထောင်) မြင်းခြံထောင်မှ ဗိုလ်မှူးချုပ် သိန်းဆွေ၊ မြိတ်အကျဉ်းထောင်မှ ဗိုလ်မှူးကြီး အောင်ဇော်နှင့် ဗိုလ်မှူးကြီးမင်းသူ၊ ဗိုလ်မှူးကြီး အောင်ကျော်မိုး (ပခုက္ကူထောင်)တို့ပါဝင် လာကြောင်း မိသားစုဝင်များထံမှ သတင်းရရှိသည်။
‘‘အင်းစိန်ထောင်က ၂၀၉ ဦး ဒီနေ့လွတ်ပါတယ်။ အထဲမှာလဲနေတာက တစ်နှစ်လောက်ရှိပြီ။ လွတ်ဖို့ လဲ ခြောက်လ၊ ခုနစ်လလိုတဲ့သူတွေကို လွှတ်တာပါ။ အမေရိကန်နိုင်ငံသား တစ်ဦးနဲ့ ထိုင်ဝမ်နိုင်ငံသား တစ်ဦးလည်းပါတယ်’’ဟု အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးကပြောသည်။
ယခုလွတ်ငြိမ်းချမ်းသာခွင့်သည် ခေါင်းစဉ်တစ်ခုသတ်မှတ်၍ လွှတ်ပေးခြင်းမျိုးမဟုတ်ကြောင်းနှင့် အင်းစိန်ထောင်မှ လွတ်မြောက်လာသူများထဲတွင် စစ်ထောက်လှမ်းရေးဟောင်းများ မပါဝင်ကြောင်း ဦးမောင်မောင်အေးကပြောသည်။
နိုင်ငံတော်သမ္မတ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ (က)နှင့်အညီ အကျဉ်းထောင်အသီးသီး မှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၃၀၇၃ ဦးကို လွတ်ငြိမ်းသက်သာ ခွင့်ပေးခဲ့ရာ အဆိုပါအကျဉ်း သားများ ထဲမှာ မြန်မာနိုင်ငံသား ၃၀၁၅ ဦးနဲ့ နိုင်ငံခြားသား ၅၈ ဦးပါဝင်ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။

No comments:

Post a Comment