Wednesday, July 23, 2014

ဒုဝန်ကြီးပြောတဲ့ လုံခြုံရေးဆိုတာ ဘာလဲ ... ?

ပြီးခဲ့တဲ့ စနေနေ့ ၀ါရှင်တန်မှာ ရှိတဲ့ ဗီအိုအေ မြန်မာပိုင်းအစီအစဉ်က ကျွန်တော့်ကို တွေ့ဆုံမေးမြန်းခန်းလုပ်ဖို့
အတွက်ဖိတ်ကြားပါတယ်။
သတ်မှတ်ချိန်ရောက်တော့ ကျွန်တော့်ကို တည်းခိုရာဟိုတယ်မှာ ဗီအိုအေ ၀န်ထမ်း တစ်ဦးက လာကြိုပါတယ်။ ဗီအိုအေ ရုံးချုပ်နေရာကို ရောက်တော့မှ ၀န်ထမ်းဖြစ်သူက နိုင်ငံကူးလက်မှတ်ပါ
လားလို့ မေးပါတယ်။ သူ့ဘက်ကလည်း ကြိုသတိပေးဖို့ မေ့နေလို့ဖြစ်ကြောင်း၊ ရုံးချုပ်ကို ၀င်ရင် ၀န်ထမ်းကဒ် ဒါမှမဟုတ်အမေရိကနု်နိုင်ငံသား ဆိုရင် အစိုးရက ထုတ်ပေးထားတဲ့ အသိအမှတ်ပြုကဒ်ပြားတစ်ခုခု ဥပမာ ယာဉ်မောင်း လိုင်စင်လိုတယ်၊နိုင်ငံခြားသားဆိုရင် နိုင်ငံကူးလက်မှတ်လိုတယ်လို့ ပြောပါတယ်။ ကြိုတင်သတိပေးဖို့ မေ့နေတဲ့အတွက်လည်းသူက တောင်းပန်ပါတယ်။

သူ့နိုင်ငံစည်းကမ်းဖြစ်တဲ့အတွက် ကျွန်တော်ဟိုတယ်ပြန်ပြီး နိုင်ငံကူးလက်မှတ်ကို ယူခဲ့ပါတယ်။ ဘာမှ စောဒကတက်စရာအကြောင်းမရှိပါဘူး။
ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာတော့ ၀န်ကြီးရုံးလုံခြုံရေးက အထောက်အထား တောင်းရင်တောင် ငါ ဘယ်သူဆိုတာ မင်းမသိဘူးလားလို့ မေးသူတွေရှိပါတယ်။ တစ်ခါ တစ်လေ ကျွန်တော့်ဆီကိုလာတဲ့ မိတ်ဆွေတွေကတောင် မင်းဆီကိုလာတာ ဂိတ်က ဟိုဟာတောင်း၊ဒီဟာတောင်းနဲ့ လို့ ပြောကြပါတယ်။
ကျွန်တော့်ကတော့ အဲဒါ လုံခြုံရေးစည်းကမ်းပဲလေ၊ မပေးချင်ရင် ရုံးမလာနဲ့ အပြင်မှာပဲ တွေ့ကြတာပေါ့လို့ ပြန်ပြောလေ့ရှိပါတယ်။
အခုလည်း အာဇာနည်နေ့အခမ်းအနားမှာ မီဒီယာသမားတစ်ယောက် သက်သေခံ အထောက်အထားမပြနိုင်လို့ ဆိုပြီး တာဝန်ကျတဲ့ ကြက်ခြေနီတစ်ဦးနဲ့ ပြဿနာ တက်တဲ့အကြောင်းဖတ်ရပါတယ်။
ကြက်ခြေနီက လုံခြုံရေးလုပ်သင့်သလား၊မလုပ်သင့်ဘူးလားဆိုတာက ကဏ္ဍတစ်ခုပါ။ သို့သော် ကြက်ခြေနီဖြစ်ဖြစ်၊ အခြားအဖွဲ့အစည်းက သူဖြစ်ဖြစ်လုံခြုံရေးတာဝန်ပေးခံ ထားရပြီဆိုရင်တော့ စိစစ်ပိုင်ခွင့်ရှိတယ်ဆိုတာတော့ လက်ခံစေချင်ပါတယ်။
တောင်ကိုရီးယားသမ္မတခရီးစဉ်အတွင်း အာဇာနည်ဗိမာန်ဗုံးခွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ် ကို ပြန်လေ့လာကြည့်ရင် ဘာမှ မဟုတ်လောက်ပါဘူးကွာဆိုပြီး လျစ်လျူရှုခဲ့၊ ပေါ့ပေါ့ဆဆ လုပ်ခဲ့လို့ လုံခြုံရေး ကျိုးပေါက်ခဲ့ရတယ်ဆိုတာ တွေ့နိုင်ပါတယ်။
ကျွန်တော်ကတော့ အစိုးရအရာရှိဖြစ်ဖြစ်၊ မီဒီယာသမားဖြစ်ဖြစ်၊ သာမန်ပြည်သူဖြစ်ဖြစ် အများပြည်သူလုံခြုံရေးအတွက် စစ်ဆေးဆောင်ရွက်မှုများနဲ့ တွေ့ကြုံရတဲ့အခါ နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်တာကိုပဲ လိုလားပါတယ်။ သမ္မတကြီးနဲ့ ဇနီးဖြစ်သူ တောင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အခမ်းအနားများကို တက်တဲ့အခါ ၀င်ခွင့် ကဒ်ပြားကို လေးလေးစားစားချိတ်ဆွဲလာတာ တွေ့ရမှာပါ။ ဒါဟာ ကျွန်တော်တို့ကို သမ္မတ ကြီးက အကောင်းဆုံးသတင်းစကားပေးလိုက်တာလည်းဖြစ်ပါတယ်။

မလိုအပ်ပဲဆောင်ရွက်တယ်လို့ ထင်တယ်ဆိုရင် အခမ်းအနားပြီးမှ အကောင်းအဆိုးကို ဝေဖန်ထောက်ပြသင့်ပါတယ်။ လက်ငင်းအချိန်မှာတော့ လုံခြုံရေးတာဝန်ရှိသူတွေရဲ့ လိုအပ်ချက်အတိုင်းပဲ ဆောင်ရွက်သင့်တယ်လို့ထင်ပါတယ်။
ပြောမယ့်သာပြောရတာပါလေ။ အဲဒီ ရန်တွေ့တဲ့ မီဒီယာသမားလည်း ပြည်ပ ခရီးသွားတဲ့ အခါဆိုရင်တော့ လေဆိပ်အ၀င်က စပြီး ဟိုနိုင်ငံမှ နေသမျှ ကာလပတ်လုံး လုံခြုံရေးစစ်ဆေးသမျှ ခွန်းတုန့်မပြန် လိုက်နာဆောင်ရွက်မယ်ဆိုတာသေချာပါတယ်။

တစ်ခါတစ်လေကျတော့ သူများတွေ အခွင့်အရေးပိုယူတယ်လို့ လွယ်လွယ်ဝေဖန် နိုင်ပေမယ့် ကိုယ့်အလှည့်ကျတော့ အခွင့်အရေးပိုမယူပဲ နေဖို့ မေ့နေတတ်တာ၊ ကိုယ့်လူမျိုးချင်း အလေးမထားတတ်တာလည်း လူ့သဘာဝပါပဲ။

From: Ye Htut ( ပြန်ကြားရေး ဒုဝန်ကြီး )

No comments:

Post a Comment