Monday, April 28, 2014

အာရှသားတို့အတွက်ဒီမိုကရေစီ

အာရှသား များက ဒီမိုကရေစီ စနစ် အပေါ် ဘယ်လို ရှုမြင် သည်ကို လေ့လာ လိုလျှင် အရှေ့ အာရှ ဒေသသည် အသင့်တော်ဆုံး ဖြစ်သည်။ ထိုဒေသတွင် အာရှ၏ သက်တမ်း အရှည်ဆုံး ဒီမို ကရေစီ နိုင်ငံ ဖြစ်သည့် ဂျပန်ရှိသည်။ ၁၉၈၀ ပြည့်လွန် နှစ်များ နှောင်းပိုင်းတွင် ဒီမိုကရေစီ ဘက်သို့ ကူးပြောင်း လာသော ဖိလစ်ပိုင်နှင့် တရုတ် (တိုင်ပေ) လို နိုင်ငံတွေ ရှိသည်။ စစ်အေး တိုက်ပွဲ ပြီးဆုံး ပြီးနောက် နိုင်ငံရေး စနစ် ပြောင်းခဲ့သည့် မွန်ဂို လီးယားလို့ နိုင်ငံ ရှိသည်။ အလားတူပင် တစ်ပါတီ စနစ် ကျင့်သုံး နေသည့် တရုတ် နိုင်ငံ ရှိသကဲ့သို့ တစ်နိုင်ငံ စနစ် နှစ်မျိုးမူနှင့် ကျင့်သုံး နေသည့် ဟောင်ကောင်လို ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ နယ်မြေ ရှိသည်။
ထို့ကြောင့်လည်း East Asia Barometer အဖွဲ့က အရှေ့အာရှရှိ ဂျပန်၊ တောင်ကို ရီးယား၊ ဖိလစ်ပိုင်၊ မွန်ဂို လီးယား၊ တရုတ်၊ ဟောင်ကောင်နှင့် တရုတ်(တိုင်ပေ) နိုင်ငံ များမှာ အာရှသား တို့က ဒီမိုကရေစီ အပေါ် မည်ကဲ့သို့ ရှုမြင် သည်ကို စစ်တမ်း ကောက်ယူ မှုများ လုပ်ခဲ့သည်။
ဒီမိုကရေစီလိုချင်သလား
စစ်တမ်း ကောက်ယူ များက မေးခွန်း ငါးခု မေးသည်။ ပထမဆုံး မေးခွန်းက ဘယ်လို နိုင်ငံရေး စနစ်ကို လိုချင်လဲ ဆိုသည့် မေးခွန်း ဖြစ်သည်။ ထိုအခါ တရုတ် နိုင်ငံတွင် စစ်တမ်း ကောက်ယူ ခံရသူ ၆၇%၊ ဟောင်ကောင်တွင် ၈၇.၆%၊ ဂျပန်တွင် ၈၇.၁%၊ မွန်ဂို လီယားတွင် ၉၁.၆%၊ ဖိလစ်ပိုင် တွင် ၈၈.၁%၊ တောင်ကို ရီးယားတွင် ၉၅.၄%၊ တရုတ် (တိုင်ပေ) တွင် ၇၂.၂ % က ဒီမိုကရေစီ စနစ်ကို လိုလား သည်ဟု ဖြေခဲ့သည်။ သို့သော် မိမိ နိုင်ငံတွင် ပြီးပြည့် စုံသည့် ဒီမိုကရေစီ စနစ် ကျင့်သုံးရန် အခြေအနေ ရှိပြီလား ဆိုသည့် မေးခွန်း ကိုမူ  တရုတ် နိုင်ငံတွင် စစ်တမ်း ကောက်ယူ ခံရသူ ၇၂.၃% ဟောင်ကောင်တွင် ၆၆.၈%၊ ဂျပန်တွင် ၇၆.၃%၊ မွန်ဂို လီယားတွင် ၈၆.၃%၊ ဖိလစ်ပိုင်တွင် ၈၀.၂%၊ တောင်ကို ရီးယားတွင် ၈၄.၂%၊ တရုတ် (တိုင်ပေ) တွင် ၅၉ % ကသာ ကျင့်သုံး နိုင်သည့် အခြေအနေ ရှိသည်ဟု ဆိုသည်။
ထိုကဲ့သို့ ဒီမိုကရေစီ စနစ်ကို လိုချင် သူနှင့် မိမိ နိုင်ငံတွင် ပြီးပြည့် စုံသည့် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးရန် အခြေအနေ ရှိပြီဟု ယူဆသူများ အကြား ကွာဟချက် ကြီးမား နေရခြင်းမှာ မိမိ နိုင်ငံရှိ နိုင်ငံရေး ပါတီများ၏ စွမ်းဆောင် နိုင်မှု ကျဆင်း နေခြင်း ကြောင့်လည်း ဖြစ်သည်။ ထိုအချက်ကို ဂျပန်၊ တရုတ် (တိုင်ပေ) နှင့် ဖိလစ်ပိုင် နိုင်ငံ များတွင် ထင်ထင် ရှားရှား တွေ့နိုင်သည်။ တရုတ်နှင့် ဟောင်ကောင် တို့တွင်မူ တရုတ် ကွန်မြူနစ် ပါတီ၏ စွမ်းဆောင်မှု မြင့်မား ခြင်းနှင့်  အမိန့် နာခံမှုနှင့် သဟဇာတ ဖြစ်မှု ကို အလေးထားသည့် တရုတ် ယဉ်ကျေးမှု၏ သြဇာ လွှမ်းမိုး မှုကြောင့် ဖြစ်သည်။ ထို့ပြင် အာရှသား တို့က ပြီးပြည့်စုံသော ဒီမိုကရေစီ စနစ်ကို နေ့ချင်း ညချင်း မရောက်နိုင်၊ တရွေ့ရွေ့ ပြောင်းလဲသည့် ဖြစ်စဉ် အရသာ သွားရမည် ဆိုသည့် အယူအဆ ကြောင့်လည်း ဖြစ်သည်။ ထိုအချက်ကို တတိယ မေးခွန်း တွင်လည်း တွေ့ရ ပြန်သည်။
ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်မှု
တတိယ မေးခွန်းက မိမိ နိုင်ငံ၏ ပြဿနာ များကို ဒီမိုကရေစီ စနစ် ဖြင့်သာ ထိရောက်စွာ ဖြေရှင်းနိုင် မည်ဟု ယူဆ သလား ဆိုသည့် မေးခွန်း ဖြစ်သည်။ အရှေ့အာရှ သားတို့က အံသြဖွယ် ကောင်းလောက်အောင်  ဒီမိုကရေစီ စနစ်၏ စွမ်းဆောင် နိုင်မှု အပေါ် သံသယ ရှိနေ သည်ကို တွေ့ရသည်။ တရုတ် နိုင်ငံတွင် စစ်တမ်း ကောက်ယူ ခံရသူ ၆၀.၅%၊ ဟောင်ကောင်တွင် ၃၉%၊ ဂျပန်တွင် ၆၁.၄%၊ မွန်ဂို လီယား တွင် ၇၈.၄%၊ ဖိလစ်ပိုင် တွင် ၆၀.၇%၊ တောင်ကို ရီးယားတွင် ၇၁.၇%၊ တရုတ် (တိုင်ပေ) တွင် ၄၆.၈ % ကသာ ဒီမိုကရေစီ စနစ် က လူ့အဖွဲ့ အစည်း၏ ပြဿနာ များကို ထိထိ ရောက်ရောက် ကိုင်တွယ် နိုင်မည်ဟု ယုံကြည် ကြသည်။ ထိုအချက်က အရှေ့ အာရှသား တို့က ဒီမိုကရေစီ စံများကို လက်ခံသည့် တိုင်အောင် အရာရာ အားလုံးကို အနောက် ပုံစံ ဒီမို ကရေစီ စနစ်ဖြင့် ချဉ်းကပ် ဖြေရှင်း၍ မရနိုင်၊ သူ့အရပ် ၊ သူ့ဇာတ် ဆိုသကဲ့သို့ မိမိနိုင်ငံ အခြေအနေနှင့်၊ မိမိတို့ လူ့အဖွဲ့အစည်း အနေအထားနှင့် ကိုက်ညီသော နည်းလမ်း များဖြင့် ကျင့်သုံး ရမည်ဟု ယုံကြည် နေကြောင်း ပြသလိုက် ခြင်းလည်း ဖြစ်၏။
စတုတ္ထ မေးခွန်းက အပိုင်း သုံးပိုင်း ပါဝင်သည်။ ဖြေကြား သူများ အနေဖြင့် (၁) ဒီမိုကရေစီက အခြား အစိုးရ ပုံစံတွေ အားလုံးထက် ကောင်းတယ်။ (၂) တစ်ချို့ အခြေအနေ တွေမှာ ဗဟိုက တင်းတင်း ကျပ်ကျပ် ကိုင်တွယ် အုပ်ချုပ်တဲ့ စနစ်က ဒီမိုကရေစီ စနစ်ထက် အလုပ် ဖြစ်တယ်။ (၃) ကျုပ်အတွက်က တော့ ဒီမိုကရေစီ အစိုးရ ဖြစ်ဖြစ်၊ ဒီမိုကရေစီ မကျတဲ့ အစိုးရ ဖြစ်ဖြစ် ဘာမှ မထူးဘူး ဆိုသည့် အချက် သုံးချက် ထဲက တစ်ချက်ကို ရွေးရသည်။ ထိုမေးခွန်း များအနက် တရုတ် နိုင်ငံတွင် စစ်တမ်း ကောက်ယူ ခံရသူ ၅၃.၈%၊ ဟောင်ကောင်တွင် ၄၀.၃%၊ ဂျပန်တွင် ၆၇.၂%၊ မွန်ဂို လီယားတွင် ၅၇.၁%၊ ဖိလစ်ပိုင် တွင် ၅၃.၆%၊ တောင်ကို ရီးယားတွင် ၄၉.၄%၊ တရုတ်(တိုင်ပေ) တွင် ၄၀.၄ % ကသာ ဒီမို ကရေစီက တစ်ခြား အစိုးရ ပုံစံတွေထက် ကောင်းသည်ဟု ယူဆသည်။ ဤနေရာတွင် ဂျပန်၊ တောင်ကို ရီးယား၊ ဖိလစ်ပိုင်နှင့် တရုတ် (တိုင်ပေ) တို့လို အနောက် ပုံစံ ဒီမိုကရေစီကို အပြည့်အ၀ နီးပါး ကျင့်သုံး နေသည့် နိုင်ငံများတွင် လူထုက လက်ရှိ နိုင်ငံရေး ပါတီ များ၏ စွမ်းဆောင်မှု အပေါ် သံသယ ရှိမှုမှာ သတိ ပြုစရာ ကောင်းသည့် အချက် ဖြစ်သည်။ ထို့အတူ ဒီမိုကရေစီ စနစ်ကို လက်တွေ့ မကြုံရ သေးသည့် တရုတ် နိုင်ငံသား များနှင့် မြည်းစမ်းခွင့် ရနေသည့် ဟောင်ကောင် ကျွန်းသားများ အကြား အမြင် ကွာခြားမှု ကလည်း သတိ ပြုသင့်သည့် အချက် ဖြစ်နေ ပြန်သည်။
နောက်ဆုံး မေးခွန်းက ဒီမိုကရေစီနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု နှစ်ခု၊ ဘယ်ဟာကို ဦးစားပေး ရွေးမလဲ ဆိုသည့် မေးခွန်း ဖြစ်သည်။ တရုတ် နိုင်ငံတွင် စစ်တမ်း ကောက်ယူ ခံရသူ ၄၀.၃% ဟောင်ကောင် တွင် ၁၉.၆%၊ ဂျပန်တွင် ၄၄%၊ မွန်ဂို လီယားတွင် ၄၈.၆%၊ ဖိလစ်ပိုင် တွင် ၂၁.၈%၊ တောင်ကို ရီးယား တွင် ၃၀.၁ %၊ တရုတ်(တိုင်ပေ) တွင် ၂၃.၅ % ကသာ ဒီမိုကရေစီက စီးပွားရေး ဖွံ့ဖြိုး တိုးတက် မှုထက် ပိုပြီး အရေးကြီး သည်ဟု ဖြေသည်။ ထိုအချက်က ယခုလို စီးပွားရေး အကျပ် အတည်းနှင့် တွေ့ကြုံ နေရသည့် အချိန်တွင် သတိထား စရာ အချက် ဖြစ်နေသည်။ တနည်းအားဖြင့် အာရှသား တို့က ဒီမို ကရေစီကို လိုချင် သော်လည်း အလုပ် ဖြစ်သည့် ဒီမိုကရေစီ စနစ်ကိုသာ လိုချင် သည်ကို ပြောလိုက်ခြင်းလည်း ဖြစ်သည်။
ဒီမိုကရေစီ ဘာတွေမှား
ပြီးခဲ့သည့် နှစ်များ အတွင်း အရှေ့ အာရှက ဒီမိုကရေစီ နိုင်ငံ တွေမှာ ပြဿနာ များစွာ ပေါ်ခဲ့သည်။ ဂျပန် နို်င်ငံတွင် စီးပွားရေး ကျဆင်း မှုနှင့် နှစ်ပေါင်း များစွာ ရင်ဆိုင် နေရခဲ့ရပြီး ၀န်ကြီးချုပ် ကိုအီဇူမီ နောက်ပိုင်းတွင် ဂျပန် နိုင်ငံရေး လောကမှာ ၀န်ကြီးချုပ်များ တစ်ဗိုလ်ဆင်း၊ တစ်ဗိုလ်တက် လုပ်နေ သည်မှာ အကြိမ်ကြိမ် ရှိခဲ့ပြီ ဖြစ်သည်။ တရုတ် (တိုင်ပေ) နိုင်ငံရေး လောက ကလည်း အဂတိ လိုက်စားမှုတွေ၊ အကျင့် ပျက်မှုတွေနဲ့ တင်းကြမ်း ဖြစ်နေကာ သမ္မတဟောာင်း ချန်ရွှေဗျန်း ပင်လျှင် အဂတိ လိုက်စားမှုဖြင့် စုံစမ်း စစ်ဆေးမှု ခံနေ ရသည်။ ဖိလစ်ပိုင် မှာက သမ္မတ ဟောင်းကို အခြေခံ ဥပဒေ ပြင်ပ လူထု တိုက်ပွဲဖြင့် ဖြုတ်ချ ခဲ့ပြီး လက်ရှိ သမ္မတ အာရိုရို မှာလည်း အတိုက် အခံများက အဂတိ လိုက်စားမှုဖြင့် အရေးယူရန် ကြိုးစားမှု ခံနေရသည်မှာ အကြိမ်ကြိမ် ရှိနေပြီ ဖြစ်သလို စစ်တပ်က အာဏာ သိမ်းရန် ကြိုးပမ်းမှု နှင့်လည်း ရင်ဆိုင် ခဲ့ရသည်။ ထိုအခြေအနေ များက စစ်တမ်း ကောက်ယူ ခံရသူ များ၏ ဒီမိုကရေစီ စနစ် အပေါ် အမြင်ကို ပြောင်းလဲ စေခဲ့ခြင်း ဖြစ်သည်။
ထိုနိုင်ငံ များတွင် အစိုးရများ အနေဖြင့် ဒီမိုကရေစီ ဆိုင်ရာ စွမ်းဆောင်မှု ( Democratic Performance)  များဖြစ်သည့် လွတ်လပ်စွာ ပြောဆိုခွင့်၊ စည်းရုံး လှုပ်ရှားခွင့် စသည်တို့ကို အကောင်အထည် ဖော်ပေးမှု များတွင် အောင်မြင် မှုများ ရှိသည့်တိုင် မူဝါဒ ဆိုင်ရာ စွမ်းဆောင်မှု  ( Policy Performance ) များဖြစ်သည့် အဂတိ လိုက်စားမှု များကို ထိန်းချုပ် နိုင်ခြင်း၊ တရား ဥပဒေ စိုးမှုမှုနှင့် ငြိမ်ဝပ် ပိပြားမှု ရရှိအောင် ဆောင်ရွက်ခြင်း၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက် ခြင်းနှင့် ဆင်းရဲ ချမ်းသာ ကွဲပြား မှုကို လျော့နည်း စေခြင်း စသည့် လုပ်ဆောင်ချက် များတွင် အားနည်း ချက်များ ရှိနေ သည်ကို တွေ့ရသည်။ ထိုအချက် များက ပြည်သူ များ၏ ဒီမိုကရေစီ စနစ် အပေါ် ယုံကြည် အားကိုးမှုကို လျော့ကျ စေသည်။ ဂျပန် နိုင်ငံတွင် ဆိုပါက စစ်တမ်း ကောက်ခံ ရသူများ၏ ၁၉% ကသာ မေးခွန်း ငါးခု လုံးတွင် ဒီမို ကရေစီကို ထောက်ခံ သွားခဲ့ သည်ကို တွေ့ရသည်။
သို့သော် ထို သဘောထား များက ဒီမိုကရေစီ စနစ်ကို ပစ်ပယ်ခြင်း မဟုတ်။ သူတို့ နိုင်ငံ များတွင် လက်ရှိ တွေ့ကြုံ နေရသည့် ဒီမိုကရေစီ ပုံစံ များကို စိတ်ပျက် နေခြင်းသာ ဖြစ်သည်ဟု စစ်တမ်း ကောက်ယူ သူတို့က ဆိုသည်။ ဘာပဲဖြစ်ဖြစ် အရှေ့အာရှ နိုင်ငံ ခုနှစ် နိုင်ငံက ပြည်သူ များ၏ သဘောထား ကတော့  ဒီမို ကရေစီနှင့် ဖွံ့ဖြိုး တိုးတက်မှု၊ ဒီမို ကရေစီနှင့် တည်ငြိမ်မှု တွဲဖက် နိုင်မှသာ ပြည်သူတွေ၏ ယုံကြည်မှုကို ရနိုင်မည် ဆိုသည့် အချက်ကို သက်သေပြ လိုက်သည်ဟု ဆိုနိုင်သည်။ ထိုသို့ ဒီမို ကရေစီနှင့် ဖွံ့ဖြိုး တိုးတက်မှု၊ တည်ငြိမ်မှု တွဲဖက် နိုင်ရန်မှာမူ မိမိနိုင်ငံနှင့် ကိုက်ညီသည့် အဖြေကို ရှာရပေမည်။ ထိုအချက် သည်ပင် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်း များတွင် သတိထား ရမည့် အချက် ဖြစ်ပေသည်။
ရဲထွဋ်
Bi Weekly : 27-3-2009
မှီငြမ်းပြုစာစောင်

Asia Challenged Democracy , The Washington Quarterly 1. 1. 2009

No comments:

Post a Comment