Saturday, March 8, 2014

ငြိမ်းချမ်းရေး လက်ခုပ်သံကြားက နှလုံးလှ စစ်သားကြီး

ဒီနေ့တစ်နေ့တာရဲ့ပထမဆုံးဖုန်းမည်သံ ကတော့စိတ်မကောင်းခြင်းတွေနဲ့ စတင်ခဲ့ရပါတယ်။
"ဟလို..ဒိုက်ဦးလား..အေး ..ငါ ရန်ကင်းပါ"
ဆိုတဲ့ နှုတ်ဆက်သံနဲ့အတူ၊စိတ်ထိခိုက်ဖွယ် 
သတင်းတစ်ခုကိုပါ သူငယ်ချင်း ဆက်ပြော 
တယ်။"မင်းကြားပြီး ပီလား ၊ ငါတို့ မိခင်
တပ်က 2IC ကျသွားတယ် ""ဟမ်...ဟုတ်လား...ဘယ်တုန်းကလည်း..."လို့အစချီ မေးတော့..သူငယ်ချင်းအကျဉ်းချုပ်ကို ပြောပြ
ရှာပါတယ်။

ဒါပေမယ့် ကျွန်တော် နားထဲမှာကြားတစ်ဝင် မကြားတစ်ဝက်နဲ့ မျက်လုံးထဲမှာ အတူတိုက်ပွဲ ၀င်ခဲ့ဖူးတဲ့2ICကို မြင်ယောင်နေမိတယ်။သူငယ်ချင်း ပြောတာတွေကိုနားထောင်ရင်း..သူငယ်ချင်း

က နောက်မှ
 ပြန်ဆက်မယ်.." အချိန်အားရင် 2IC ကတော် ဆီ ဖုန်းဆက်လိုက်ပါအုံး"လို့ အားပေးစကားပြောဖို့သတိပေး
သွားတယ်။ဖုန်းဆက်တဲ့ သူငယ်ချင်း ရန်ကင်းဆိုတာက ကျွန်တော်ရဲ့ မိခင်တပ်က အပတ်စဉ် တူ သူငယ်ချင်း။ သူက ရန်ကင်းသားမို့လို့ လွယ်လွယ်ကူကူ ရန်ကင်းလို့ပဲ တပ်မှာ ခေါ်ကြတယ်။ ကျွန်တော် ကတော့ ဒိုက်ဦးသား ဆိုတော့ ဒိုက်ဦးပေါ့ ။ အမှန်တော့ ဒီအခေါ်အဝေါ်က သာမာန် တပ်တွင်းစကားပြောစက်သုံးတဲ့ နာမည်တွေပါ ။ စစ်ဆင်ရေးမှာ သုံးတဲ့ နာမည်ပိုင်တွေတော့ ရှိတာပေါ့။
-------------------
မိခင် တပ်က 2IC ကျသွားတယ် သတင်းကြားတော့ ရင်ဘတ်ထဲမှာ စို့နင့်နင့်ကြီး ။ စစ်သား ကျဆုံးတာ မဆန်းပေမယ့် ၊ ရဲဘော်ရဲဘက် စိတ်နဲ့ အတူ တိုက်ပွဲဝင်ခဲ့ဖူးတဲ့ မိတ်ဆွေ တစ်ယောက် ကျဆုံးသွားတာ သိရက်နဲ့ မခံစားပဲ နေနိုင်ရလောက်အောင် စစ်သားတွေ အသည်းကကျောက် ခဲ နဲ့ ဖွဲ့စည်းထားတာမှ မဟုတ်တာ ။ ခံစားတတ်တယ် ၊ငိုတတ်တယ် ၊လွမ်းတတ်တယ် ၊ သနားတတ်တယ် ၊ ။ကျဆုံးသွားတဲ့ 2IC က အလုပ်သင် ၁၁ က တကယ့်စီနီယာကြီး ။ သူ့ အပတ်စဉ်တွေက ဗျူဟာမှူးတွေ ဖြစ်နေပြီ ။ သူကတော့ ဗိုလ်မှူးဘ၀နဲ့ပဲ 2IC ဘ၀မှာ ချာလည်လည် ။ စိတ်စေတနာ ကောင်းတယ် ။ အငယ်တွေကို မတတ်တာ မသိတာ အကုန်သင်ပေးတယ်။အသက်ကြီး လာလို့ ထင်ရဲ့ တိုက်ချင် ခိုက်ချင်စိတ် တွေ လဲ ကုန်ခမ်းနေပုံရပါတယ်။ဒါဟာ ကြောက်စိတ်ကြောင့် မဟုတ်ပါဘူး ၊ ငြိမ်းချမ်းရေးဆွေးနွေးဆဲ ကာလ မို့ အကောင်းဘက်ကို ဦးတည်တွေးတာပေါ့ ။ ရန်သူကို အပိုင်ပစ်ခွင့် ရတာတောင် ၊ တပ်ကို နောက်ဆုတ်ခိုင်းတဲ့သူမျိုး ။ငြိမ်းချမ်းရေးဆွေးနွေးစဉ်ကာလမှာ သူပစ်မှ ကိုယ်ပစ်ရမယ်ဆိုတဲ့ အမိန့်ကို တစ်သွေမသိမ်း နာခံ တယ်။ပြီးတော့ သူက တပ်မတော်က အနားယူဖို့ ထွက်စာ တင်ထားတဲ့သူပါ ။

သူနဲ့ အတူ လှုပ်ရှားလဲ လိုက်ဖူးတယ် ၊ ရှေ့တန်းလဲ လိုက်ဖူးပါတယ်။တစ်ခါက ကျွန်တော်နဲ့ 2IC နဲ့ SSA ၀မ်ဟိုင်း အဖွဲ့သတင်းရလို့ ၂ ည အိပ်သုံးရက်လောက် ဒရွတ်တိုက် လိုက်ဖူးတယ်။ စီနီယာ ကြီး ဆိုပေမယ့် သူ့ကျောပိုးအိတ်သူလွယ် ၊ သူ့ရိက္ခာ သူ ထမ်းပြီး လျှောက်တဲ့ အာဂ စီနီယာကြီး ။ သူ ကျောပိုးအိတ်ထဲမှာ မပြတ်ရှိတတ်တာက ကြက်ဥမရွေးတွေကို လက်နဲ့ဖိပြားပြီး ထည့်ထားတတ်တာ။သူ ဗိုက်ဆာရင်
ကြက်ဥမရွေးလေး စား လိုက် ရေလေးသောက်လိုက်နဲ့ သူဟာ နဲ့ သူ တော့ ဟုတ်နေတာပဲ ။ သတင်းရတာက SSA ၀မ်ဟိုင်းအဖွဲ့ ကျေးရွာတွေ လိုက်ပြီး လူသစ်စုဆောင်းနေတယ်ဆိုတဲ့ သတင်းအရ တပ်မဌာနချုပ်က အမိန့်အရ 2IC ရယ် ကျွန်တော်အပါအ၀င်အရာရှိ၃ယောက် ရယ်
နောက် စစ်သည် ၃၀ကျော် ရယ် SSA ၀မ်ဟိုင်း သတင်းရတဲ့ နောက်ကို လိုက်ရတာပေါ့။ ဌာနချုပ်က ဆက်သွယ်ရေးစက်နဲ့ မပြတ်ညွှန်ကြား နေတယ် ။ ဘယ်ရွာကို ရောက်ပြီ ၊ ဘယ်မှာ သတင်းရတယ် စသဖြင့်ပေါ့ ။SSA ကလည်း ကျွန်တော်တို့ လိုက်လာတယ်ဆိုတာ သတင်းရတော့ သူ့ အင်အား (၁၄၀)ခန့်ကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး တပ်ဖျောက်ဖို့ ကြိုးစားတယ် ။ နောက်ဆုံး သတင်းရလို့ လိုက်ရင်း..လိုက်ရင်းနဲ့ ၃ ရက်မြောက်နေ့မှာ ကျွန်တော်တို့ SSA ၀မ်ဟိုင်းအဖွဲ့ရဲ့ အဖွဲ့ (၁) ဖွဲ့နဲ့ တွေ့ပါရော ။ တွေ့ပါရော ဆိုတာက ဒီလို..။ ကျွန်တော် တို့နဲ့ သူတို့ ထိပ်တိုက်တွေ့တာ မဟုတ်ဘူး ။ ကျွန်တော် တို့ စစ်ကြောင်းက သူတို့ စစ်ကြောင်း အနောက်ကို ရောက်သွားတာ ။ SSAအဖွဲ့က လည်း တောင်ကုန်းကို တက်နေတဲ့အချိန် ကျွန်တော် တို့ကလဲ အခြားလမ်းက တောင်ကုန်းကို ဖြတ်တက်တဲ့ အချိန်..။ ကျွန်တော်တို့က SSA စစ်ကြောင်း အမြီး ကို သွား တွေ့တာပေါ့ ။ တွေ့တွေ့ချင်း အားလုံး နေရာယူလိုက်တယ် ။ ဒါပေမယ့် 2IC က ပစ်မိန့်မပေးဘူး ။ပစ်မိန့် မပေးတာကလည်း သူ့မှာ အကြောင်းရှိတယ်။ ငြိမ်းချမ်းရေးဆွေးနွေးစဉ်ကာလအတွင်း မိမိဘက်မှ စတင်ပစ်ခတ်ခြင်းမပြုရဆိုတဲ့
ကြေးနန်းကလည်း ၀င်ထားတာ မကြာသေးဘူး ၊ နောက်ပြီးတော့ ဌာနေ ပြည်သူစစ်တွေ ဖြစ်နေမှာ ဆိုးတာလဲပါတယ်။ ပြည်သူစစ်အဖွဲ့တွေကို မှား ပစ်မိရင် ပြဿနာတွေကလည်း တက်အုံးမှာ ကိုး ။ ဒါနဲ့ 2IC သေချာသွားအောင် ဆိုတဲ့ အတွေးနဲ့ "ဟေ့ မင်းတို့ ဘယ်ပြည်သူ့စစ်တွေလဲကွ"လို့
လှမ်းအော်မေးလိုက်ပါရောဗျာ။ လှမ်းအော်မေးသံကို တစ်ဖက်က ကြားရတယ် ။ အကွာအဝေးက လက်နက်ငယ် တစ်ကမ်းလောက်ပဲရှိတယ်။ ပထမတော့ ဟိုကောင်တွေကလည်း ကြောင်သွားတယ် ။ နောက်မှ သတိပြန်ဝင်သွားပုံရတယ် ..ကျွန်တော်တို့ ကို RPG နဲ့ စ ပစ်ပါလေရော ။ နောက်တော့ လက်နက် ငယ်တွေ နဲ့ ဆော်တာပေါ့ ။သိပ်မကြာပါဘူး မိနစ် ၂၀ ၀န်းကျင်လောက်ပဲ ။ ပတ်ဝန်းကျင်ဟာ အကောင်းပကတိအတိုင်း ပြန်ဖြစ်သွားတယ်။ ဒါပေမယ့် လေထု ထဲမှာတော့ သွေးညှီနံတွေ ၊ ယမ်းနံ့တွေ လုံးထွေးရစ်ပတ်နေတယ်။ အဲ့ဒီတိုက်ပွဲမှာ ကျွန်တော့်ဘက်ကရဲဘော်တစ်ယောက် ၊ ဒုတက တစ်ယောက် RPG စပန်နာစတွေ မှန်လို့ ကျဆုံးသွားတယ်။ရန်သူ့ ဘက်ကလည်း ၃ ယောက် ကျ ၊ အရာရှိ တစ်ဦးအပါအ၀င် ၄ ယောက် ဒဏ်ရာ ရသွားတယ်။အမှန်တော့ ဒီတိုက်ပွဲမှာ ကျွန်တော်တို့ လက်ဦးမှု ရတဲ့ပွဲကနေ 2IC ရဲ့ ဆုံးဖြတ်ချက် နောက်ကျမှု ကြောင့် ၂ ယောက် ဆုံးရှုံးသွားခဲ့တယ်။2IC ဘက်ကကြည့်ရင်တော့လည်း သူ မှန်ပါတယ်။ရဲဘော်တွေကတော့..သူတို့ လက်ချောင်းနှစ်ချောင်း အဖြတ် ခံလိုက်ရတဲ့အလား .."တောက်" တစ်ခေါက်ခေါက်ပေါ့..။

နောက်တစ်ခါက ကျွန်တော်တို့ မုံးကိုး မြို့ရဲစခန်းကို ကေအိုင်အေက ဗုံးခွဲ လိုက်တဲ့ နောက်မှာ ကျွန်တော်တို့ တပ်ရင်း နဲ့ ခလ၇ (၂၄၀) ကို သွားရောက် ရှင်းလင်းဖို့ ဌာနချုပ်က ညွှန်ကြားတဲ့ကြေးနန်း အရ ကျွန်တော်တို့ မုံးကိုး ဘက်ကို စစ်ဆင်းရေးထွက်ရတယ်ပေါ့ ။အမှန်တော့ လ-၂၄၀ က ကျွန်တော်တို့နဲ့ တစ်ပါတည်း ပါမလာဘူး ။ ခလရ-၂၄၀ က မုံးစီး ၊မုံးဝီး ဘက်မှာ စစ်ဆင်းရေး ၀င်နေရာကနေ မုံးကိုး ဘက်ကို စစ်မျက်နှာပြောင်းလိုက်တာ။ ကျွန်တော် တို့ တပ်က ကျူကုတ်-ပန်ဆိုင်း ဘက်ကနေ တက်- ခလရ(၂၄၀)က မုံးစီး ၊ မုံးဝီး ဘက်ကနေ ဆင်းလာ ၊စစ်မျက်နှာ နှစ်ဖက်နဲ့ ညှပ်ရှင်း တဲ့ သဘောပေါ့ ။ကျွန်တော်တို့ တပ်က ကျူကုတ်-ပန်ဆိုင်း ဘက်က ကေအိုင်အေ နေနိုင်တယ်လို့ယူဆရတဲ့
တောင်ကုန်းတွေ တစ်ကုန်းပြီး တစ်ကုန်း လိုက်ရှင်းပြီး ခလရ(၂၄၀) နဲ့ သတ်မှတ်နေရာမှာ ဆုံရမယ်။ ကေအိုင်အေ ခိုအောင်းနိုင်တယ်လို့ ယူဆရတဲ့ ကုန်းဆိုတာကလည်း ယခင်တုန်းက ဗကပ ခံစစ်ကုန်းတွေပါပဲ ။ ခံစစ်ကုန်းနေရာတွေကတော့ တကယ့် ရှယ်တွေပဲ ။အချို့ ဘန်ကာတွေ ၊ ဆက်သွယ်ရေးမြောင်းတွေ ၊ ကတုတ်ကျင်းတွေ ဆိုလည်း ခုထိ ရှိနေတုန်းပဲ ။ကျွန်တော်တို့ တပ်က တစ်တောဝင် ၊ တစ်တောင်တက် နဲ့ အချိန် ၂ လနီးပါးလောက် ကြာ ကာလအတွင်းမှာ တိုက်ပွဲ (၃)ခါဖြစ်တယ်။ကျွန်တော် တို့ ဘက်က လက်နက်တွေ ရတယ် ၊ ထိခိုက်မှု က သေနတ် ရှပ်မှန် ဒဏ်ရာ(မစိုးရိမ်ရ)လောက်ပဲရတယ်။ အဲ့ဘက်မှာ ကျက်စားတာက ကေအိုင်အေ ရင်း (၂၆) ၊ (၂၈) ရှိတယ်။လစ်မယ်ထင်ရင် ကျွန်တော်တို့ကို ချောင်းပစ်တယ် ၊ ပြီးရင်ထွက်ပြေးတယ်။အထူးသဖြင့် သူတို့ဟာ ခံယူချက်ပြင်းထန်သူတွေ မဟုတ်ဘူး တာပဲ။ မူးယစ်ဆေးဝါးရဖို့ပဲ ။ တစ်ချို့ဆို အတင်းစုဆောင်းခံထားရတဲ့သူတွေ ။သူတို့ စခန်း ချ ခဲ့နေရာတွေ ၊ တိုက်ပွဲကျ အလောင်းတွေမှာဆိုရင် ဆေးပြားတွေ ၊ ဆေးထိုးအပ်တွေ ခဲပြားတွေ အမြဲတမ်းရှိတယ် ။တိုက်ပွဲအကြောင်း အသေးစိတ်တော့ နောက်မှစိတ်ပါရင်ပြောပြပါတော့မယ်။

2IC ကျဆုံး တဲ့ သတင်းကို တပ်ကို ဖုန်းဆက်ပြီး အကျိုးအကြောင်းမေးမိတယ်။ဖြစ်စဉ်ကတော့ 2IC ရဲ့ စစ်ကြောင်းနဲ့ တပ်ရင်းမှူး စစ်ကြောင်းဆိုပြီး နှစ်ကြောင်းခွဲပြီး နယ်မြေ ရှင်းလင်းတယ်။အဲ့ဒီမှာ 2IC ရဲ့ စစ်ကြောင်းက KIA နဲ့ တွေ့ပါလေရော ။တွေ့ဆို ..2IC စစ်ကြောင်း က ပွိုင့်တပ်စိတ် က ကေအိုင်ကေ ဘက်က ကင်းသမား ကို စတွေ့တာ ။ စတွေ့တော့ ပွိုင့်တပ်စိတ် က 2IC ကို သတင်းပို့တယ် ။ 2IC က နေအုံး မပစ်နဲ့ ငါ အခြေအနေ လာကြည့်မယ်ဆိုပြီး ပွိုင့် တပ်စိတ် ကို တက်သွားတယ် ။ဖြစ်ချင်တော့ ကေအိုင်အေ ရဲ့ နောက် ထပ် ကင်းသမား တစ်ယောက် က လည်း 2IC တို့ ကို တွေ့သွားပြီး လှမ်းပစ်လိုက်ပါရော...။ ပစ်လိုက်တဲ့ ကျည် က 2IC ဘယ်ရင်အုံကို လာမှန်တယ်။
နေရာမှာတင် စကားမေးမရပဲ ပွဲချင်းပြီး ကျဆုံးသွားတယ်။ဒါပေမယ့် နှစ်ဦးနှစ်ဖက် စတင်ပစ်ခတ်ကြပြီဆိုတော့ သူ့ကို လှည့်မကြည့်နိုင်သေးဘူး ။ပါတဲ့ တပ်ခွဲမှူးတွေရဲ့ ဦးစီးမှု နဲ့ အပြန်အလှန် ပစ်ခတ်မှု တွေ ဖြစ်တာ နာရီဝက်ခန် ကြာလောက်မှ သေနတ်သံတွေ တိတ်သွားတယ် ။ပတ်ဝန်းကျင်မှာတော့ ယမ်းငွေတွေ ဝေ လို့..။ တိုက်ပွဲကတော့ ပြီးသွားပြီ ။ မိမိ တပ်က 2IC ကတော့ သွေးအိုင်ထဲမှာ ခေါ်လို့လည်း မကြား ၊ လှုပ်လို့ လဲ မနိုးတော့.။မရဏ ခဲစွယ်က သူ့ နှလုံးသား ကို ၀ါးမြိုသွားပြီ ။ရဲဘော်တွေကတော့ ရင်နာနာနဲ့ အံကို ကြိတ်ပြီး မျက်ရည်တွေဝဲလို့ ။ အရာရှိတွေအားလုံးလဲ ကိုယ်အမူအရာ မပြပေမယ့် အသီးသီးမျက်ဝန်းတွေမှာတော့ ကြေကွဲရိပ်တွေနဲ့ ။ကဲ တိုက်ပွဲတော့ တစ်ပွဲတာ ပြီးဆုံးပြီ ၊ တိုက်ပွဲ ဖြစ်တဲ့အကြောင်းကို နောက်တန်း ကို ကြေးနန်းစာ ပို့ဖို့ဆက်သွယ်ရေး တာဝန်ကျ ရဲဘော်တွေကို အမိန့်ပေးသံတွေကြားနေရတယ် ။ခနနေတော့ ဆက်သွယ်ရေး တာဝန်ကျ စစ်သည်က ၀င်လာတဲ့ ကြေးနန်းစာ ကို လာပြတယ်။ ဖတ်ကြည့်လိုက်တော့..

"ရတ လ (××) ရှိ ဒုတပ်ရင်းမှူး မှူး-××× အား ထွက်စာ ရောက်ရှိလာပြီ ဖြစ်၊ သက်ဆိုင်ရာ တပ် ၊ ဌာနချုပ်သို့အမြန်ဆုံး ပြန်လည်စေလွှတ်ပေးနိုင်ရေး"...တဲ့..။

ဖတ်ပြီးတော့ မျက်ရည်ဝဲနေရာကနေ ရဲဘော်တွေ ရှေ့မှာမို့ မနည်း အိဒြေ္ဒဆည်ရတယ် ။ငြိမ်းချမ်းရေး ကို မျှော်လင့်ရင်း တိုက်ပွဲဝင်ခဲ့တဲ့ နှလုံး လှ စစ်သားကြီး ထွက်စာ ရတဲ့ နေ့မှာပဲကျဆုံးသွားခဲ့တယ် ။

တွေ့ဆုံကြုံကွဲ ဓမ္မတာ ပဲ ဆိုပေမယ့်....သေကွဲရော ၊ရှင်ကွဲ ပါ အခါခါကြုံဖူးတဲ့ စစ်သားတွေ အတွက်တော့ ကိုယ့်ရဲ့ ကျဆုံး စစ်သည်တွေ အကြောင်း ပြန်ပြောတိုင်း ၀မ်းနည်းရိပ်တွေနဲ့ အသံတွေ တုန်ပြီး ရင်ဘတ်ထဲမှာ နာနေဆဲပါပဲ ......

(မိခင်းတပ်ရင်းမှ 2IC အမှတ်တရ)

ဦးစစ်မင်း

No comments:

Post a Comment