Wednesday, January 29, 2014

ဧရာဝတီသတင်းဌာနအပါအ၀င် ကုလအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ သတင်းဌာနများသည် ရခိုင်ဒေသပြဿနာကို ပိုမိုရှုပ်ထွေးအောင် လုပ်နေကြောင်း မြန်မာအစိုးရသတိပေး

From : .... Eleven
ဇန်န၀ါရီ ၂၈ ရက်က ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ကျင်းပသည့် ရခိုင်အရေးကိစ္စနှင့် ပတ်သက်သည့် ရှင်းလင်းပွဲအား တွေ့ရစဉ်
သတင်းအမှားများ အသုံးပြုကာ သတင်းဖော်ပြခြင်း၊ သတင်းထုတ်ပြန်ခြင်းများ ပြုလုပ်နေသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ သတင်းဌာနများသည် ရခိုင်ဒေသပြဿနာကို ပိုမိုရှုပ်ထွေးအောင် လုပ်နေသကဲ့သို့ ဖြစ်နေသည်ဟု မြန်မာအစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောကြားသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒူချီးရားတန်းကျေးရွာ ဖြစ်စဉ်အပေါ် သံတမန်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအား အစိုးရအဖွဲ့ တာဝန်ရှိသူများက ရှင်းပြသည့် အခမ်းအနားကို ဇန်နဝါရီ ၂၈ ရက်က ရန်ကုန်မြို့ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည်။

အဆိုပါရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဦးကိုကို၊ ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင် အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်နှင့် နယ်စပ်ရေးရာဒုဝန်ကြီး ဗိုလ်ချုပ်မောင်မောင်တို့မှ ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံတကာသံတမန်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်နှင့် ဘင်္ဂလားဒေ့ရှ် သံအမတ်တို့မှ ထပ်လောင်းပြောကြားခဲ့ပြီး အမေရိကန်သံအမတ်မှ မေးခွန်းများမေးမြန်းသည်ကို ဦးဝဏ္ဏမောင်လွင်မှ ပြန်လည်ဖြေကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဇန်နဝါရီ ၁၃ ရက်တွင်ဖြစ်ပွားခဲ့သော ဖြစ်ရပ်တွင် အချို့သောမီဒီယာများမှ ရေးသားဖော်ပြသည့်အတိုင်း လူပေါင်းများစွာ အသတ်ခံရမှု မရှိကြောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် မီဒီယာများအနေဖြင့် ခိုင်မာသည့် သက်သေအထောက်အထားများရှိပါက ပြည်ထောင်စုအစိုးရထံသို့ တင်ပြရန် ပြောကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုကလည်း ဒူချီးရားတန်းကျေးရွာ ဖြစ်စဉ်အတွင်း မောင်တောမြို့နယ် ခရေမြိုင်ရဲကင်းမှ ရဲတပ်ကြပ်ကြီးအောင်ကျော်သိန်း ပျောက်ဆုံးနေကြောင်း၊ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းနှင့်အဖွဲ့သည် နယ်မြေလှည့်ကင်းတာဝန် ဆောင်ရွက်နေစဉ် ဘင်္ဂါလီလူအုပ်စု၏ တိုက်ခိုက်ခြင်းခံရပြီး လူစုကွဲသွားကြောင်း၊ အဆိုပါတိုက်ခိုက်မှုကို ဦးဆောင်သည့် ကေဖိုက်ဒူလာ (၂၃)နှစ်သည် တစ်ဖက်နိုင်ငံရှိ RSO အဖွဲ့တွင် သင်တန်းတက်ရောက်ခဲ့သူဖြစ်ပြီး အခင်းမဖြစ်ပွားမီ ၁ဝ ရက်ခန့်က ရောက်ရှိခဲ့၍ ၎င်း၏သူငယ်ချင်းဖြစ်သူများအား သေနတ်ပုံစံတူများ ပြုလုပ်ကာ သေနတ်များကိုင်တွယ် ပစ်ခတ်တက်အောင် သင်ကြားပေးခဲ့ကြောင်း ပြောကြားသည်။

“အဖွဲ့အစည်းများအနေနဲ့ သတင်းများထုတ်ပြန်ရာမှာ လုံလောက်ခိုင်မာတဲ့ အချက်အလက်များပေါ်မှာ မူတည်ပြီး ထုတ်ပြန်သင့်ပါတယ်။ သတင်းအခြေအမြစ်မရှိသော ထုတ်ပြန်ချက်များသည် အခြေအနေကို ပိုမိုရှုပ်ထွေးစေပြီး တရားဥပဒေ စိုးမိုးရေးကို အဟန့်အတားအဖြစ် ထိခိုက်စေနိုင်သဖြင့် အဖြစ်မှန် ပေါ်ပေါက်လာပါက ဒေသခံပြည်သူကလည်း ခွင့်လွှတ်လက်ခံမည် မဟုတ်သည်ကို သတိပြုစေလိုပါတယ်” ဟု ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် သံတမန်များနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများအား ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ပြောကြားသည်။

အဆိုပါဖြစ်စဉ်တွင် ပျောက်ဆုံးနေသူသည် ရဲတပ်ကြပ်ကြီးတစ်ဦး ဖြစ်သည့်အပြင် ရခိုင်တိုင်းရင်းသားတစ်ဦးလည်း ဖြစ်နေသည့်အတွက် အစိုးရအနေဖြင့် မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွားစေရန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ကြောင်း၊ သို့ရာတွင် ရာဇဝတ်မှုကို ဖုံးအုပ်ချင်သည့် ပြစ်မှုကျူးလွန်သူများက သတင်းမှားများကို ထုတ်ပြန်ခဲ့သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

“မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မှာစိုးလို့ ကျွန်တော်တို့က သာမန်ရာဇဝတ်မှုတစ်ခု အနေနဲ့ ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ တကယ်ကျတော့ ဒီရာဇဝတ်မှုကို ဖုံးအုပ်ချင်တဲ့အတွက် ပြစ်မှုကျူးလွန်တဲ့သူက သတင်းမှားတွေထုတ်တယ်။ ဒါပေမဲ့ ဒီဟာကို အလွယ်တကူ ယုံတဲ့သူတွေကို ကျွန်တော်ပြောချင်တာက သတင်းဌာနတွေ၊ ယူအန်အေဂျင်စီတွေ နိုင်ငံတကာ အဖွဲ့အစည်းတွေ အဲဒီဒေသမှာရှိခြင်းသည် အဲဒီဒေသမှာရှိတဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်အောင်လို့ တည်ငြိမ်သွားအောင်လုပ်ဖို့ သူတို့ရောက်နေတာ။ ဒါပေမဲ့ သူတို့လုပ်တဲ့ဟာက ပိုပြီးတော့ ရှုပ်ထွေးအောင်လုပ်သလို ဖြစ်နေတယ်။ ဒါကိုကျွန်တော်တို့က လက်မခံနိုင်ဘူး” ဟု ဒုတိယဝန်ကြီး ဦးရဲထွဋ်ကဆိုသည်။


ဇန်န၀ါရီ ၂၈ ရက်က ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ကျင်းပသည့် ရခိုင်ပြည်နယ်အတွင်း မကြာသေးမီက ဖြစ်ပေါ်ခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်သည့် ရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ-ဇေယျာနန္ဒ)

ဒူချီးရားတန်းကျေးရွာ ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူများက အကွက်ကျကျစီစဉ်ကာ ပြောကြားခဲ့သည့် သတင်းအမှားများကို အလွယ်တကူ ယုံကြည်ပြီး ပြောဆိုနေကြသူများ၊ သတင်းဖော်ပြသည့် သတင်းဌာနများနှင့် သတင်းထုတ်ပြန်မှုပြုလုပ်သည့် အဖွဲ့အစည်းများကြောင့် ရခိုင်ဒေသရှိ လူအုပ်စုနှစ်ခုအကြား မလိုလားအပ်သည့် သံသယများ ဖြစ်ပေါ်လာစေသည်ဟု ဦးရဲထွဋ်က ပြောကြားသည်။

မောင်တောမြို့နယ် ဒူချီးရားတန်းရွာဖြစ်စဉ်နှင့် ပတ်သက်၍ AP သတင်းဌာနနှင့် ဧရာဝတီ သတင်းဌာနတို့က မောင်တောမြို့နယ်၊ ဒုချီးရားတန်းကျေးရွာတွင် အကြမ်းဖက်မှုတစ်ရပ် ဖြစ်ပွားခဲ့သည့်အတွက် မွတ်စလင်အမျိုးသမီးများနှင့် ကလေးငယ်များ အသတ်ခံရကြောင်း မောင်တောမြို့နယ် ဒေသခံတစ်ဦး၏ အဆိုအရ သေဆုံးသူ ၄ဝ ခန့်ရှိကြောင်း၊ သေဆုံးသူအချို့၏ ဒဏ်ရာများမှာ ဓားဒဏ်ရာများသာဖြစ်ကြောင်း တစ်ဖက်သတ် စွပ်စွဲဖော်ပြခဲ့ခြင်းသည် သတင်းမှားများသာဖြစ်သည်ဟု အစိုးရက ရှင်းလင်းခဲ့သည်။

နိုင်ငံတကာမှ စွပ်စွဲပြောဆိုမှုများ၊ ပဋိပက္ခဖြစ်စဉ်အပေါ် အမြတ်ထုတ်ချင်သူများ၊ တစ်ဖက်သက် သတင်းဖော်ပြနေမှုများအား တုံ့ပြန်နိုင်ရန်အတွက် ပြည်တွင်းမီဒီယာများ၏အင်အား လိုအပ်သည်ဟု ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါသည်။

“နိုင်ငံတကာ မီဒီယာတွေမှာ ဟိုဘက်ကအုပ်စုတွေက ဘယ်လောက်မြန်နေတယ်။ ဘယ်လောက်ထိ ပုံတွေဖော်နေတယ်ဆိုတာ ကျွန်တော်တို့အားလုံး သိနေကြပြီပေါ့။ ဒီဟာကို အကောင်းဆုံး တုံ့ပြန်သွားဖို့က ကျွန်တော်တို့အစိုးရကရော ခင်ဗျားတို့ကျွန်တော်တို့ ပြည်တွင်းမှာရှိတဲ့ စာနယ်ဇင်းသမားတွေ အားလုံးရော ဒါကိုပေါင်းပြီးမှ တုံ့ပြန်မှရမှာပါ။ ကျွန်တော်တို့ကတော့ သံတမန်တွေကို သံတမန်ကျင့်ဝတ်နဲ့အညီနေဖို့ ပြောတယ်။ နိုင်ငံတကာ သတင်းဌာနတွေကို နိုင်ငံတကာ စာနယ်ဇင်းကျင့်ဝတ်နဲ့အညီ လုပ်ဖို့ပြောမယ်။ သူတို့ကဒါကို ကူညီချင်တယ်ဆိုရင် သတင်းအမှန်ကိုလုပ်မှ ပြဿနာကို ဖြေရှင်းရာရောက်မှာ” ဟု ၎င်းကဆိုသည်။

အစိုးရအနေဖြင့် ရခိုင်ဒေသရှိ လူအုပ်စုနှစ်ခုအကြားတွင် ရှိနေသည့် ပဋိပက္ခကို တားဆီးရန်နှင့် ပြစ်မှုများကျူးလွန်ပါက မည်သည့်ဘက်မှ ကျူးလွန်သည်ဖြစ်စေ အရေးယူဖို့ ဆောင်ရွက်နေကြောင်း၊ ရာဇဝတ်မှုကျူးလွန်သည့် ဖြစ်စဉ်များရှိပါက ခိုင်လုံသည့် အထောက်အထားများဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားပေးရန် ဦးရဲထွဋ်ကဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ် Gen Anup Kumar Chakma ကလည်း အဆိုပါပြဿနာများနှင့် ပတ်သက်၍ မခိုင်လုံသည့် သတင်းဖော်ပြချက်များနှင့် ကောလာဟလများကို အတည်မပြုဘဲ ယုံကြည်၍မရကြောင်း၊ ထိုကဲ့သို့ သတင်းအမှားများ ထုတ်လွှင့်ခြင်းသည် အခြေအနေကို ပိုမိုတင်းမာစေကြောင်း၊ သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် လက်တွဲ၍ ပဋိပက္ခများ လျော့နည်းစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မကြာသေးမီ ကာလကပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် ကြိုးစားနေသည့် အကြမ်းဖက်သမားသုံးဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဖမ်းဆီးပေးခဲ့ကြောင်း ပြောကြားသည်။

ရခိုင်ပြည်နယ် ပဋိပက္ခစုံ စမ်းစစ်ဆေးရေး ကော်မရှင်၏ အတွင်းရေးမှူးဖြစ်သည့် ဒေါက်တာကျော်ရင်လှိုင်ကလည်း အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်၍ သတင်းပေးပို့မှုများအတိုင်း အုပ်စုလိုက်သတ်ဖြတ်မှုရှိမရှိ သွားရောက်စုံစမ်းခဲ့ရာတွင် အုပ်စုလိုက်သတ်ဖြတ်သည့် လက္ခဏာများ မတွေ့ရှိခဲ့ဘဲ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ပျောက်ဆုံးနေမှုကိုသာ အတည်ပြုနိုင်ခဲ့ကြောင်း၊ တင်းမာမှုများကြောင့် ထွက်ပြေးတိမ်းရှောင်သူများ ရှိခဲ့ကြောင်း၊ လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်သူ အများစုမှာ မိမိတို့၏ နေအိမ်များသို့ ပြန်လည်လာရောက်ကြပြီဖြစ်ကြောင်း ပြောကြားသည်။

“အခုဖြစ်ပျက်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ စစ်တွေ၊ မောင်တောမြို့က နယ်သတင်းထောက်တွေအပြင် ရန်ကုန်ကနေ သတင်းထောက် စေလွှတ်ထားတယ်။ လတ်တလော ကျွန်တော်တို့သိရှိထားတဲ့ အချက်အလက်တွေအရဆိုရင် အစိုးရရဲ့ ထုတ်ပြန်ချက်တွေက မှန်ကန်နေတယ်။ နိုင်ငံတကာက အချို့ဖော်ပြနေတာတွေက မှားယွင်းမှုတွေ ရှိနေတယ်လို့ ကျွန်တော်တို့သိရတယ်။ ဒါပေမဲ့ ဒီထက်အသေးစိတ် အခြေအနေတွေ သိရအောင် နောက်ထပ်အကြီးတန်း အယ်ဒီတာကိုလည်း စေလွှတ်ပြီးတော့ ဒေသခံသတင်းထောက်တွေ၊ ရန်ကုန်ကလွှတ်ထားတဲ့ သတင်းထောက်တွေနဲ့ အသေးစိတ် မြေပြင်အချက်အလက်တွေ ရရှိအောင် စုဆောင်းပြီးတော့ အခြေအနေမှန် သတင်းတွေကို ဖော်ပြသွားပါမယ်” ဟု The Daily Eleven သတင်းစာ၏ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားသည်။

No comments:

Post a Comment