Friday, December 27, 2013

မူးယစ် ဆေးဝါး ချက်လုပ်သော စခန်းပုန်း နှစ်ခုအား လက်နက်/ ခဲယမ်းများ နှင့်အတူ ဖော်ထုတ် သိမ်းဆည်း ရမိ

နေပြည်တော် ဒီဇင်ဘာ ၂၇
ကွတ်ခိုင်မြို့နယ် အတွင်းရှိ နယ်မြေခံ ပြည်သူများ၏ သတင်းပေးချက် အရ ဒီဇင်ဘာ ၂၅ရက် နံနက် ၆နာရီခွဲတွင် နယ်မြေခံ တပ်မှ လုံခြုံရေး တပ်ဖွဲ့ဝင်များ နှင့်အတူ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ဌာနမှ ရဲတပ်ဖွဲ့ ဝင်များ ပါဝင်သည့် ပူးပေါင်း အဖွဲ့သည် နယ်မြေ ရှင်းလင်း ဆောင်ရွက် ရာ ရှောက်ဟော် ကျေးရွာနှင့် လုံထန် ကျေးရွာ ကြားတွင် အဆောက်အအုံ လေးလုံးတွေ့ရှိပြီး ၎င်း အဆောက်အအုံ များအတွင်း ရှာဖွေရာ ရန်ကွယ်ကျိုက် (ဘ) ဦးရန်ခိုက်ကျန်၊ လီကွယ်ရှိုး (ဘ) ဦးလီတိချုံ၊ ကွယ်ရုတ်နိုင်း (ဘ) ဦးကွယ်ရီချိုက်၊ ရှောက်ဟော်ကျေးရွာနေ သုံးဦးနှင့် အတူ အေကေ(၄၇) သေနတ်တစ်လက်၊ ပါရာ ပစ္စတို တစ်လက်၊ ဘိန်းညို ၁ ဒသမ ၅ ကီလိုဂရမ် သုံးထုပ်၊ သုည ဒသမ ၉ ကီလိုဂရမ် တစ်ထုပ်၊ စုစုပေါင်း ၅ ဒသမ ၄ ကီလို၊ ဘိန်းစိမ်း ၁ ဒသမ ၁၅ ကီလို၊ ဖိနိုင်းအက်စီတစ် အက်စစ် ၅ ဂါလန်ဝင် ၄ပုံး၊ လွိုင်ဇောနှင့် အက်စစ်ရော ၅ ဂါလန်ဝင် ၁၆ပုံး၊ ဟိုက်ဒရို ကလိုရစ် အက်စစ် ၂ ဒသမ ၅ လီတာဝင် ၂၆ပုံး၊ အမိုနီယမ် ကလိုရိုက် ၁ဖာနှင့် မူးယစ်ဆေးဝါး ချက်လုပ် ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် မော်တော်ယာဉ် တိုက်ဂါးဖိုးဝှီး တစ်စီးနှင့် ဆာ့ဖ်တစ်စီး တို့အား ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါဖမ်းဆီး ရမိသော တရားခံများအား စစ်ဆေး ဖော်ထုတ်ချက် အရ ရှောက်ဟော် ကျေးရွာ၏ အနောက်မြောက်ဘက်ရှိ မူးယစ်ဆေးဝါး ချက်လုပ်သည့် နေရာအား တပ်မတော် စစ်ကြောင်းမှ ဆက်လက် ရှင်းလင်းခဲ့ရာ ယာယီ တဲသုံးလုံး အတွင်းမှ ဝင်ချက် စတာသေနတ် တစ်လက်၊ ၁၂x ၈ပေအကျယ် တာ ပေါ်လင် မိုးကာစ ဖြင့် ပြုလုပ်ထားသည့် ၈ လက်မ အမြင့်ရှိ ဘိန်းနှင့် လွိုင်ဇော ရောစပ်ထားသည့် ကန်တစ်ကန်၊ အမိုနီယမ် ကလိုရိုက် အမှုန့် ၂၅ ကီလိုခန့်ပါ နှစ်အိတ်၊ အမိုနီယမ် ကလိုရိုက် အခဲတစ်ဖာ၊ မီးဖိုပေါ်တွင် ဘိန်းဖျော်စပ်ရန် ပြုလုပ်ထားသည့် ဘိန်းစစ် ဖက်ထည့်ထားသော သံပီပါ သုံးလုံး၊ ဘိန်းဖျော်ရည် ၅လီတာခန့်ပါ ကြွေ ကန်တော့ တပ်လျက် ဖန်ပေါင်းချောင် တစ်ခု၊ လွိုင်ဇောနှင့် အက်စစ် ရောထားသည့် ၅ဂါလန်ဝင် ပုံးရှစ်ပုံး၊ ဟိုက်ဒရိုကလိုရစ် အက်စစ် ၂ဒသမ ၅လီတာခန့်ပါ ၇ပုံး၊ ဟိုက်ဒရိုကလိုရစ် အက်စစ် ၂ ဂါလန် ခန့်ပါ ၁ပုံး၊ ထုံးအိတ် ၈အိတ်နှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိသော မူးယစ် ဆေးဝါးများ၏ စုစုပေါင်း တန်ဖိုးမှာ သိန်း ၁၅ဝဝခန့် ဖြစ်ကြောင်းနှင့် ဖမ်းဆီးရမိ သူများနှင့် ပတ်သက်၍ ဆက်လက် ဖော်ထုတ် စစ်ဆေးလျက် ရှိကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment