Friday, November 29, 2013

ရန်ကုန်- မန္တလေး ရထားလမ်း ပိုင်းကို (JITI) မှ ဂျပန် နည်းပညာဖြင့် သံလမ်းများ အဆင့်မြှင့် တင်ခြင်း လုပ်ငန်း စတင်

ရန်ကုန် နိုဝင်ဘာ ၂၈
မြန်မာ နိုင်ငံ၏  ရထားလမ်း ပို့ဆောင်ရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကို ဂျပန်နိုင်ငံမှ ၂ဝ၁၂ခုနှစ် ဧပြီလ နောက်ပိုင်းမှ စဉ်ဆက်မပြတ် ကူညီ ဆောင်ရွက် ပေးလျက်ရှိရာ နိုဝင်ဘာ ၂၈ရက်မှ စတင်၍ ရန်ကုန်- မန္တလေး မီးရထား သံလမ်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ဂျပန် အပြည်ပြည် ဆိုင်ရာ ပို့ဆောင်ရေး အဖွဲ့အစည်း (JITI) ၏ ကူညီ မှုဖြင့် မြန်မာ့ မီးရထား ဝန်ထမ်းများ ပူးပေါင်းကာ
စတင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ စတင် ဆောင်ရွက်မှုနှင့် ပတ်သက်၍ မြန်မာ့မီးရထား ဒုတိယ အထွေထွေ မန်နေဂျာ (မြို့ပြ) ဦးသန်းဌေးက ''၃၈၅ ဒသမ ၅ မိုင် ရှည်လျားတဲ့ ရန်ကုန်- မန္တလေး ရထားလမ်းပိုင်း သံလမ်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို (JITI) မှ လှူဒါန်းတဲ့ သံလမ်းပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းသုံး ဂျပန် နည်းပညာ ခေတ်မီ စက်ပစ္စည်း လေးမျိုးကို အသုံးပြုကာ စတင် ဆောင်ရွက်နေ ပါပြီ။ 
ရန်ကုန် ဘူတာကြီးကနေ စတင်ပြီး သင်္ဃန်းကျွန်း လေးထောင့်ကန် (ရွာသာကြီး) ရထား သံလမ်းပိုင်း ပြုပြင် ထိန်းသိမ်းခြင်းကို ဂျပန်နည်းပညာ အသုံးပြုကာ မီးရထား တွေ  ပုံမှန် သွားနေကျ နှုန်းထက် အရှိန်မြှင့်ပြီး သွားလာနိုင်စေရန် ဆောင်ရွက် သွားမှာပါ''ဟု ပြောကြားသည်။
ဆက်လက်၍ ''အဲဒီကနေ တစ်ဆင့် ပဲခူး- တောင်ငူ ရထားလမ်း ပိုင်းအထိ ဆောင်ရွက်သွားပြီး ရထားလမ်း ဆိုက်ရောက်ရာ ကြားမြို့တွေကို ဖြတ်ပြီး မန္တလေးအထိ အဆင့်ဆင့် ပြုလုပ် သွားမှာပါ။ ဒီလို လုပ်တဲ့အခါမှာ ဂျပန် ပညာရှင်တွေ အနေနဲ့ ရထားသံလမ်း ပြုပြင်ထိန်းသိမ်းခြင်း၊ ခေတ်မီ နည်းပညာတွေ၊ နည်းစနစ် တွေကို လက်တွေ့ လုပ်ငန်းခွင် တစ်ခု အနေနဲ့ မြန်မာ့မီးရထား ဝန်ထမ်းတွေကို နည်းပညာတွေ ဖြန့်ဝေသွားမှာပါ။ ဒီစီမံကိန်း ကြီးပြီး ဆုံးခဲ့ရင် ရန်ကုန်- မန္တလေး ခရီးကို ၈ နာရီသာ ကြာမြင့်မှာ ဖြစ်ပါတယ်'' ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။
အဆိုပါ ဆောင်ရွက်မှုသည် ဂျပန်အစိုးရ အနေဖြင့် ၂ဝ၁၃ခုနှစ်တွင် မြန်မာ နိုင်ငံသို့ အကူအညီ ပေးမည့် စီမံကိန်း ၁၁ခု အနက် ရထား ပို့ဆောင်ရေး ကဏ္ဍနှင့် ပတ်သက်ပြီး  ရှေ့ပြေး စီမံကိန်း တစ်ခု ဖြစ်ကြောင်း သိရသည်။
မောင်မျိုး (ဧရာဝတီ)

No comments:

Post a Comment