Friday, November 22, 2013

အုပ်စု တက်မတက် ဆိုသည်မှာ ပြောစရာပင် မလိုဟု ပတ်ဆောင်ဟွာ ပြောကြား

နိုဝင်ဘာ၁၉ရက်နေ့ နေ့လည်ပိုင်းက ပြုလုပ်
ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာ ယူ-၂၃ အသင်း နည်းပြချုပ် ပတ်ဆောင်ဟွာက မိမိတို့ အသင်း အနေဖြင့် ဆီးဂိမ်းစ်တွင် အုပ်စုအဆင့်မှ ကျော်လွှားနိုင်မည်လား ဆိုသည့် ကိစ္စမှာ ပြောစရာပင် မလိုသည့် ကိစ္စဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။
"ရွှေတံဆိပ်ရဖို့ ရည်မှန်းထားတဲ့ အသင်း တစ်သင်း အနေနဲ့ အုပ်စုအဆင့်ဆိုတာ
အသေးအမွှား လေးပါ။ ပြောနေဖို့တောင် မလိုပါဘူး။ အားလုံးသော ပြည်သူတွေက ဆန္ဒပြင်းပြနေတဲ့ ရွှေတံဆိပ်ဆုကို ဆွတ်ခူးပေးနိုင်ဖို့ အတွက် အကောင်းဆုံး ကြိုးစားသွားမှာပါ" ဟု ဆိုခဲ့သည်။ မြန်မာ ယူ-၂၃ အသင်းသည် ဆီးဂိမ်းစ် အုပ်စု အဆင့်တွင် အင်ဒိုနီးရှား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ အရှေ့တီမောတို့နှင့် အုပ်စု (ခ)တွင် တစ်အုပ်စုတည်း ကျရောက်လျှက် ရှိသည်။

ထို့အတူ ပတ်ဆောင်ဟွာက ဆီးဂိမ်းစ် ပြိုင်ပွဲ စတင်ရန် ရက်နည်းနည်းသာ ကျန်ပါတော့ကြောင်း၊ ကိုရီးယားနှင့် ဂျပန်တွင် သွားရောက် လေ့ကျင့်ခဲ့ရာ၌ ရရှိသည့် အတွေ့အကြုံ ကောင်းများအတွက် ကျေနပ် အားရပါကြောင်း၊ လာမည့် ဂျပန် အိုလံပစ် အသင်းနှင့် ပွဲစဉ်တွင် ရလဒ်ထက် အဆိုပါ ခရီးစဉ်၌ လေ့ကျင့်ခဲ့သည့် အရာများအား လက်တွေ့ အသုံးချနိုင်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း၊ နောက်တန်း အားနည်းချက်များ ရှိနေသေးသည် ဆိုသော်လည်း နည်းနိုင်သမျှ နည်းအောင် ကြိုးပမ်းလျှက် ရှိပါကြောင်း၊ အသင်းသားများ အနေဖြင့် ယခင်က ကြံ့ခိုင်မှု ၅၀% ခန့်သာ ရှိသည်ဆိုသော်လည်း ယခုအခါ ၉၀% ရှိလာပြီ ဖြစ်ကြောင်း၊ ထိုင်း၊ အင်ဒိုနီးရှား အသင်းများနှင့် ယှဉ်ပြိုင် ကစားနိုင်ရန် ကြံ့ခိုင်မှုပိုင်း အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း စသဖြင့် ပြောကြား သွားခဲ့သည်။

No comments:

Post a Comment