Saturday, October 26, 2013

ဗန်းမော်နယ်မြေတစ်ဝိုက်က သစ်မှောင်ခို ပြဿနာ

၂၀၁၃ ခုနှစ်၊ သြဂုတ်လကနေ အောက်တိုဘာလ ၁၆ ရက်နေ့အထိ ကချင်ပြည်နယ်၊ ဗန်းမော် ခရိုင်၊ မံစီ၊ ကိုက်ထိပ်၊ ရွှေကူမြို့နယ်တွေအတွင်းမှာ ကျွန်းနှင့် တမလန်း စတဲ့ အဖိုးတန်သစ် စုစုပေါင်း ၅၀၇.၆၂၈ တန် ဖမ်းဆီး ရမိခဲ့ကြောင်း စစ်တပ်သတင်းတစ်ရပ်အရ သိရှိရပါတယ်။ ဒီလို ဖမ်းမိတဲ့အထဲမှာ သစ်မှောင်ခိုလုပ်ငန်း လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား ၁ ဦးကိုလည်း ဖမ်းဆီးရမိ ခဲ့ကြောင်း၊ လုပ်ငန်းသုံးယန္တရားယာဉ် ၁၂ စီးကိုလည်း သိမ်းဆည်း ရရှိခဲ့ ကြောင်း သိရှိရပါတယ်။ ဒီနှစ်ဆန်း ဖေဖော်ဝါရီလတုန်းကလည်း ဆင်ဘို/၀ဲကြီးဒေသ မှာ တရုတ် သစ်ကုန်သည် ၄ ဦးနဲ့ သစ်တန် ၈၀၀ ခန့်ကို ယာဉ်ယန္တရားမျိုးစုံ ၇၁ စီးနဲ့အတူ ရဲနှင့်စစ် တပ်က ဖမ်းဆီးခဲ့တယ်လို့ အစိုးရ သတင်းတွေ မှာ တွေ့လိုက်ရပါတယ်။ အောက် တိုဘာ လ ၁၇ ရက်နေ့မှာလဲ နမ့်လင်းပါနယ်မြေမှာ ကျွဲ/နွားမှောင်ခို ၃၁ ဦးကို ကျွဲ ၉ ကောင်၊ နွား ၇၈ ကောင်နဲ့ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံအတွင်းမှ KIA ၏သစ်ခိုးထုတ်နေသည့် သစ်ကွင်းစခန်း


          ကချင်ပြည်နယ်၊ မံစီ-ကိုက်ထိပ်-ရွှေကူဝန်းကျင်တစ်ဝိုက်မှာ ဒီလို တရားမ၀င်သစ်တွေ၊ ကျွဲ/နွားမှောင်ခိုတွေ ဖမ်းဆီးရမိတဲ့သတင်းတွေ မကြာခဏဖတ်ရှုရပါတယ်။ သစ်ခိုးထုတ်ရာမှာ တရုတ်နိုင်ငံသားတွေ မကြာခဏဖမ်းဆီး ရမိသလို သစ်ခိုးထုတ်တဲ့အဖွဲ့တွေကို KIA ယူနီဖောင်း ၀တ်ထားတဲ့ အစောင့်ရှောက်တွေက လိုက်ပါစောင့်ကြပ် ပေးကြောင်း၊ ဒီခွင်ထဲကို ၀င်လာတဲ့ စစ်ကြောင်းတွေ နဲ့ မကြာခဏတိုက်ပွဲဖြစ်ပွားကြောင်းလည်း သတင်းတွေရရှိပါ တယ်။
          ဒီနယ်မြေဟာ တစ်ချိန်က ကျွန်း၊ တမလန်းစတဲ့ အဖိုးတန်သစ်တွေ အများအပြားပေါက်ရောက်တဲ့ နေရာပါ။ အစိုးရစစ်တပ်တွေအနေနဲ့ ဒီနယ်မြေကို အပြည့်အ ၀မထိန်း ချုပ်နိုင်ခဲ့ပါဘူး။ ဒီနယ်မြေက အဖိုးတန်သစ်တွေဟာ မံစီ-ဗန်းမော်-လွယ်ဂျယ်လမ်း၊ စီအူ-နမ့်လင်းပါ-မံဝိန်းကြီး-ရွှေလီ လမ်းကြောင်းတွေက နေတစ်ဆင့် တရုတ်နိုင်ငံ ထဲကို နှစ်စဉ် တန်သောင်းနဲ့ချီပြီး ရောက်နေခဲ့တာပါ။ ဒါကို အဓိကလုပ်နေတာက မြန်မာပြည်မြောက်ပိုင်းက လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ KIO\KIA အဖွဲ့ပဲဖြစ်ပါတယ်။ KIO\KIA အဖွဲ့ဟာ သစ်မှောင်ခိုလုပ်ငန်းက ရတဲ့ ၀င်ငွေတွေအပြင် နံမည်ကျော်ကြားလှတဲ့ ဖားကန့်ဒေသက ကျောက်စိမ်းမှောင်ခိုလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ ၀င်ငွေတွေ အမြောက်အများရရှိပြီး ချမ်းသာကြွယ်ဝတဲ့ အဖွဲ့အစည်းတစ်ခုလို့ လူသိများပါတယ်။

တရုတ်နိုင်ငံသို့ ခိုးထုတ်ရန် ပြင်ဆင်ထားသော သစ်လုံးများ
          ဒီအဖွဲ့ဟာ ၂၀၁၁ ခုနှစ်မှာ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးပျက်ပြားပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားရာက ယခုအချိန်မှာ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်လုပ်ဆောင်ခဲ့ကာ အလွတ်သဘောဆွေးနွေးမှု ၄ ကြိမ် အပါအ၀င် ဆွေးနွေးပွဲပေါင်း ၁၄ ကြိမ် ရှိခဲ့ပြီဖြစ်ပေမယ့် Cease Fire အတွက် တစ်စုံတစ်ရာ သဘောတူညီမှု မရသေးတဲ့အဖွဲ့ဖြစ်ပါတယ်။ KIO\KIA က နိုင်ငံရေးဆွေးနွေးပွဲမှတစ်ဆင့် အပစ်အခတ်ရပ်ဆိုင်းရေးဆွေးနွေးပွဲကို သွားမယ်လို့ ပြောဆိုနေပြီး အစိုးရဘက်လည်း အပစ်ရပ်ဆိုင်းပြီးမှ နိုင်ငံရေးဆွေးနွေးပွဲကို ဆက်လုပ်ဖို့ တွန်းအားပေး ဆောင်ရွက်နေဆဲဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။
          သစ်ခိုးထုတ်တဲ့ လမ်းကြောင်းတစ်လျှောက် အစိုးရစစ်ကြောင်းတွေမရှိတဲ့အချိန်တွေမှာ KIA အစောင့် အရှောက်တွေပါတဲ့ သစ်တင်ယာဉ်ကြီးတွေဟာ ၈ စီးမှ ၂၀ စီးအထိ အုပ်စုတွေ ဖွဲ့ဖွဲ့ပြီး နေ့စဉ်နဲ့အမျှ တစ်ဖွဲဖွဲ တရုတ်နိုင်ငံကို ရောက်ရှိနေကြပါတယ်။ ဒေသခံတွေကို ငွေပေးပြီး တောလိုက်ပြုတ်အောင် ခုတ်လှဲတဲ့စနစ်ဖြစ်တဲ့ အတွက် ဒီဒေသမှာ အဖိုးတန်သစ်တွေ မရှိသလောက် ရှားပါးနေပြီဖြစ်ပြီး ယခုဆိုရင် ကျွဲ/နွားမှောင်ခိုလုပ်ငန်းများပါ အစားထိုးဝင်ရောက်လာပြီဖြစ်ပါတယ်။ သစ်တောပြုန်းတီးမှုတွေကြောင့် ရာသီဥတုဒဏ်ကိုလည်း ဒေသခံပြည်သူ တွေ  ခံစားနေကြရပါတယ်။

သစ်ခိုးထုတ်နေသော သစ်ကားများ
          အစိုးရစစ်ကြောင်းများ နယ်မြေအတွင်း ၀င်ရောက်လာခဲ့ရင် သစ်မှောင်ခိုအစောင့်လိုက်တဲ့ KIO/KIA တပ်တွေနဲ့ မကြာခဏတိုက်ပွဲတွေဖြစ်ပွားတက်ပါတယ်။ KIO/KIA အဖွဲ့က သူတို့ရဲ့မိသားစုများနေထိုင်တဲ့ နမ့်လင်းပါကျေးရွာ၊ မုန်ဒိန်းပါ ကျေးရွာ၊ ကောင်ဂျာကျေးရွာတွေကို IDP စခန်းအနေနဲ့ သတ်မှတ်ထားပါတယ်။ အနီးဝန်းကျင်ကျေးရွာများက ရွာသားများကိုလည်း IDP စခန်းများသို့ စုစည်းကာ INGOs အဖွဲ့အစည်းတွေထံက ထောက်ပံ့ကြေးများကို ရယူ လျက်ရှိပါတယ်။ ယခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့မှာ UNOCHA အဖွဲ့က နမ့်လင်းပါ IDP စခန်းအတွက် ထောက်ပံ့ မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ KIO\KIA က နမ့်လင်းပါ IDP စခန်းမှာ ဒုက္ခသည် ၁၅၀၀ ကျော်ရှိတယ်လို့ ဆိုပေမယ့် အစိုးရဘက်က ဒီရွာသားတွေဟာ KIO\KIA ရဲ့ မိသားစုဝင်တွေကို စုစည်းပြီး အပြည်ပြည်ဆိုင်ရာ ထောက်ပံ့မှုတွေရအောင် နိုင်ငံရေးအရ ကစားကွက်တစ်ခုအနေနဲ့ပြောတာလို့ သတ်မှတ်ထားပါတယ်။ KIO\KIA အနေနဲ့လည်း ဒီဒုက္ခသည်စခန်းတွေကို အခြေခံပြီးလှုပ်ရှားတာတွေရှိသလို ဒီစခန်းပတ်ဝန်းကျင်ကနေတစ်ဆင့် သစ်မှောင်ခို၊ ကျွဲ/နွားမှောင်ခိုတွေအတွက် လုံခြုံရေးဆောင်ရွက်ပြီး ၀င်ငွေရှာနေတာကိုလည်း လေ့လာတွေ့ရှိရ ပါတယ်။
          အောက်တိုဘာလ ၂၂ ရက်နေ့မှာ KIO\KIA အဖွဲ့နဲ့ တပ်မတော်စစ်ကြောင်းတွေ မုန်ဒိန်းပါကျေးရွာ၊ ကောင်ဂျာကျေးရွာတွေမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး အဲဒီရွာတွေမှာ နေနေတဲ့ KIO\KIA အဖွဲ့တွေဆုတ်ခွာခဲ့ရ ကြောင်းနဲ့ သူတို့ရဲ့ ဆက်သွယ်ရေးစက်တွေ၊ ယူနီဖောင်းနဲ့ စစ်အသုံးအဆောင်တွေကို အစိုးရစစ်ကြောင်းတွေက သိမ်းဆည်းသွားခဲ့တယ်လို့ သိရပါတယ်။ ဒီကျေးရွာမှာတော့ KIO\KIA တို့ ပြောသလို IDP  စခန်းတွေ မရှိပါဘူး။         အဓိက ကတော့ သစ်မှောင်ခိုလမ်းကြောင်းရဲ့ ဗဟိုချက်က နမ့်လင်းပါနယ်မြေဖြစ်ပါတယ်။ တရုတ်ဘက် ကုန်သည်အများအပြားဟာလည်း နမ့်လင်းပါမှာပဲ အခြေပြုပြီး ဒီနယ်မြေထဲက သစ်တွေကို ခိုးထုတ်နေတာဖြစ်ပါ တယ်။ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ဖားကန့်နယ်မြေက ကျောက်စိမ်းကုန်သည်တွေအပေါ် အခွန် ဆက်ကြေးကောက်ခံလို့ မရတော့ဘဲ အဖွဲ့အစည်းရပ်တည်မှုအတွက် ၀င်ငွေလျော့နည်းလာတဲ့အပေါ် ဒီဘက် မှောင်ခိုလုပ်ငန်းနဲ့ အဓိက၀င်ငွေရရှိဖို့ KIO\KIA အဖွဲ့အနေနဲ့ စီစဉ်ရတာ ဖြစ်ပါတယ်။ ဒီနယ်မြေကို အစိုးရ စစ်တပ်တွေ ၀င်မလာအောင် IDP စခန်းအဖြစ် ဖန်တီးပြီး တစ်ဘက်မှလည်း သစ်မှောင်ခိုလုပ်ငန်း လုပ်ဆောင်နိုင် အောင်၊ တစ်ဘက်ကလည်း အပြည်ပြည်ဆိုင်ရာအထောက်အပံ့တွေရအောင် တစ်ချက်ခုတ် နှစ်ချက်ပြတ် အကြံအစည်နဲ့ ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။
          ဒီနယ်မြေအတွင်းမှာ နိုင်ငံရဲ့သယံဇာတပစ္စည်းတွေကာကွယ်ဖို့နဲ့ ဖြစ်ပေါ်လာမယ့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာများကို ထိန်းသိမ်းရန် နဲ့ ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးအတွက် တရားဥပဒေ စိုးမိုးရေး အမှန်တကယ် လိုအပ်နေတယ်လို့ မြန်မာပြည်တွင်းရေး အကဲခတ်သူများက သုံးသပ်ကြပါတယ်။

စိုင်းခွန်နောင်

Myanmar Online News

No comments:

Post a Comment