Wednesday, October 23, 2013

အာရှ- ပစိဖိတ် ဒေသတွင်း ရိုးရာ လက်မှု အနုပညာ ပြပွဲနှင့် အလုပ်ရုံ ဆွေးနွေးပွဲတွင် မြန်မာ့ ရိုးရာ ကြိုးဆွဲ ရုပ်သေး အနု ပညာကို အကောင်းဆုံး တင်ပြနိုင်ခဲ့

ရန်ကုန် အောက်တိုဘာ ၂၂
တရုတ်နိုင်ငံ Hang Zhou မြို့၌ ကျင်းပခဲ့သည့် အာရှ- ပစိဖိတ်ဒေသတွင်း ရိုးရာလက်မှု အနုပညာပြပွဲနှင့် အလုပ်ရုံ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ ရိုးရာ ကြိုးဆွဲ ရုပ်သေး ပညာရပ်ကို
အကောင်းဆုံး တင်ပြနိုင်ခဲ့ကြောင်း ထွေး ဦး မြန်မာရုပ်စုံ အဖွဲ့မှ သိရသည်။
အဆိုပါ ပြပွဲနှင့် အလုပ်ရုံ ဆွေးနွေးပွဲတွင် နိုင်ငံ အသီးသီးမှ လက်မှုအနု ပညာရှင်များ၊ အဖွဲ့ခေါင်းဆောင်များ၊ သုတေသီများ၊ အဖွဲ့အစည်း အသီးသီး၏ ဥက္ကဋ္ဌများနှင့် ဒါရိုက်တာများ အပြင် တက္ကသိုလ်များမှ ပရော် ဖက်ဆာ များ လည်း တက်ရောက်ခဲ့ကြသည်ဟု သိရသည်။ ပြပွဲတွင် အိမ်ရှင်တရုတ် နိုင်ငံ နှင့်အတူ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီး ရှားနိုင်ငံ၊ ပီရူးနိုင်ငံ၊ အာဖဂန်နစ္စတန် နိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံ၊ အီဂျစ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ မာရှယ်ကျွန်းစု၊ မွန်ဂိုလီး ယားနိုင် ငံ၊ နီပေါနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တွန်ဂါ နိုင်ငံ၊ အမေရိကန် နိုင်ငံနှင့် မြန်မာနိုင်ငံ အပါအဝင် စုစုပေါင်း ၃၁ ဦး တက်ရောက်ပြသ ဆွေးနွေးမှု ပြုကြသည်။
''ပြပွဲနဲ့ အလုပ်ရုံ ဆွေးနွေးပွဲမှာ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ မြန်မာ့ကြိုးဆွဲရုပ်သေး အနုပညာ ကို အကောင်းဆုံး သိမြင်အောင် ပြသဆွေးနွေး နိုင်ခဲ့ပါ တယ်။ ပြပွဲခန်းမမှာ မြန်မာနိုင် ငံအလံ နဲ့အတူ မြန်မာ့အနုပညာကို ယှဉ်တွဲပြ သ နိုင်ခဲ့တာ အလွန်ပဲ ပီတိ ဖြစ်မိပါတယ်။ အလုပ်ရုံ ဆွေးနွေး ပွဲမှာ ပင်မခေါင်းစဉ် ဖြစ်တဲ့ ရိုးရာလက်မှုလုပ်ငန်းတွေ  ရေ ရှည်တည်တံ့ တိုးတက်အောင် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ခြင်း လုပ်ငန်းစဉ်တွေကို The  safeguarding and Sustainable Development of Traditional Crftsmaniship under the 2013 Convention အရ ဆောင်ရွက် နေပုံတွေကို Case Studies နဲ့ တင်ပြဆွေးနွေး ကြပါတယ်။
တက်ရောက်သူတွေထဲမှာမှ မြန်မာအပါအဝင်၁၆ဦးက နိုင်ငံအလိုက်၊လက်မှုပစ္စည်းအလိုက် ခေါင်းစဉ်ခွဲပြီး တင်ပြ ဆွေးနွေးကြပါတယ်။ ဗဟုသုတနဲ့အတူ သူများနိုင်ငံတွေမှာ ရိုးရာအနုပညာကို ဘယ်လိုမျိုး ကာကွယ်ထိန်းသိမ်း ထားပြီးနိုင်ငံ အတွက်လည်း ဝင်ငွေရအောင် ဘယ်လိုမျိုး လုပ်ဆောင်နေ ကြတယ် ဆိုတာကို သိခွင့် ရခဲ့တယ်။ အနီးစပ်ဆုံး ဥပမာပြရရင် တရုတ်နိုင်ငံအနေနဲ့ အခုကျင်းပ တဲ့ပွဲကို ယူနက်စကိုလို အဖွဲ့မျိုးက ထောက်ပံ့ငွေတွေ ရအောင် ယူပြီး သူ့တိုင်းပြည်ရဲ့ICH (Intangible Cultural Heritage) တွေကိုထိန်းသိမ်း စောင့်ရှောက်နေတာ ဆယ်စုနှစ်လောက် ရှိပါပြီ။
အသေးအမွှားအိမ်တွင်းလက်မှုလုပ်ငန်းလေးကအစစီးပွားဖြစ်ထုတ်လုပ်နေတဲ့ထုတ်ကုန် ပစ္စည်းတွေ အထိ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ထား နိုင်ပါပြီ။ တရုတ်နိုင်ငံက လက်မှုအနု ပညာရှင်တွေ ကို စုစည်းပြီး ဒီလိုပြပွဲတွေလုပ်တာ (၁ဝ) ကြိမ်မြောက် ခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာတော့  ပြည်တွင်းသာ မကဘဲ အာရှ- ပစိဖိတ်ဒေသတွက လူတွေကိုပါ ပြ သနိုင်ခဲ့ပြီး နည်းပေးလမ်းညွှန် နိုင်နေပါပြီ။ အတုယူစရာပါ'' ဟု ဦးခင်မောင်ထွေး (ထွေးဦး မြန်မာရုပ်စုံ အဖွဲ့ ဒါရိုက်တာ) က ရှင်းပြ ခဲ့သည်။
ယင်းပြပွဲ၌ ပြပွဲပြီးသည်အထိ သီးသန့် တက်ရောက် လာသူများအတွက် အလုပ်ရုံ ဆွေးနွေးပွဲ ကို အောက်တိုဘာ ၁၇ ရက်မှ ၂ဝ ရက်ထိ အချိန်ပြည့် ပြုလုပ်ခဲ့သည်ဟု သိရသည်။

No comments:

Post a Comment