Wednesday, October 30, 2013

လူမှုဝန်းကျင် အတွက် တိုက်ဖျက်ရမည့် ကွမ်းယာ

ရှေးခေတ် မြန်မာလူမျိုးများဟာ ကွမ်း၊ ဆေး၊ လက်ဖက်ဆိုတာ ဧည့်သည်လာရင် တလေး တစား နဲ့ ဧည့်ခံ တာမျိုး ရှိတတ်ပါတယ်။

ဒါဟာ ကျန်းမာရေး ဗဟုသုတ နည်းပါးတာ ရယ်၊ ခေတ်မီဓာတ်ခွဲစမ်းသပ်သုတေသန
 ပြုထားတဲ့ ကွမ်းစား၊ ဆေးလိပ်သောက်ခြင်းရဲ့ ဆိုးကျိုးတွေကို မသိကြလို့ဘဲ ဖြစ်ပါတယ်။ အဲဒီ အထဲက အခု တင်ပြမှာကတော့ ကွမ်း စားခြင်းကြောင့် ရရှိနိုင်တဲ့ ဆိုးကျိုး အန္တရာယ်တွေ ပဲ ဖြစ်ပါတယ်။ ယနေ့ ခေတ်မှာ ကွမ်းစားခြင်းကို စက်ရုံ၊ အလုပ်ရုံ၊ ကျောင်း၊ ဆေးရုံ၊ ကုမ္ပဏီ၊ ယာဉ်ရထားများပေါ် အပါအဝင် နေရာ မျိုးစုံမှာ အရွယ်မျိုးစုံသော စားသုံးသူများက စားသုံး နေကြတာကို တွေ့နိုင်ပါတယ်။ ၁၂ နှစ်၊ ၁၃ နှစ်၊ လူငယ် ကလေးတွေက အစ ကွမ်းယာ စားသုံး လာကြတာကို နေရာတိုင်းမှာ မြင်တွေ့နေရမှာ ဖြစ်ပါတယ်။

ကွမ်းစားသုံးခြင်းဟာ ခန္ဓာကိုယ် အတွက် အာဟာရလည်း မဖြစ်နိုင်တာမို့ ဘာဖြစ်လို့ စားတာလည်းလို့ ပတ်ဝန်းကျင်က နီးစပ်သမျှ လူတွေကို မေးမြန်း ကြည့်ရာမှာတော့ ခံတွင်းချဉ်လို့၊ ပါးစပ် အနံ့ဆိုးမထွက် အောင်လို့ စားသုံးကြတာပါလို့ ပြောကြတယ်။ လူငယ်တွေ အနေနဲ့ကတော့ စမ်းသပ် ကြည့်ချင်လို့၊ သူတို့ အားကျတဲ့ သရုပ်ဆောင်တွေ ကွမ်းစားတာ၊ ဆေးလိပ်သောက်တာ ကြည့်ပြီး လိုက်စား၊ လိုက်သောက် ကြည့်ကြတယ်။ တချို့ကတော့ စိတ်က တောင်ရောက်မြောက်ရောက်နဲ့ မဖြစ်အောင် ကွမ်းဝါးလိုက်၊ ထွေးလိုက်နဲ့ အလုပ်လုပ်ရာမှာ စိတ်မပျံ့လွင့်အောင်လို့ ဆိုကြတယ်။ တချို့က သူငယ်ချင်းတွေ ဆွဲဆောင်လို့၊ အလုပ်လုပ်ရင်း၊ ကားမောင်းရင်း အိပ်ချင်ပြေအောင်လို့၊ အဘိုး၊ အဘွားတွေရဲ့ ကွမ်းအစ်ကနေ နှိုက်စားရင်း အကျင့် ဖြစ်သွားလို့ ဆိုတဲ့ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ စားသုံးနေကြတာ တွေ့ရပါတယ်။ ယနေ့ ကျွန်တော်တို့ နိုင်ငံဟာ ကွမ်းစားသုံးမှုမှာ အိမ်နီးချင်း နိုင်ငံတွေထက်ကို စားသုံးသူ ပိုမိုများပြား လာနေသလို ကွမ်းစားသုံးမှု အများဆုံး နိုင်ငံတွေထဲမှာ ထိပ်ဆုံးကို ရောက်နေပြီ ဆိုတာ ပြောလို့ ရနိုင်ပါတယ်။

ကွမ်းစားခြင်းကြောင့် ဖြူစင် တောက်ပနေတဲ့ သွားတွေဟာ ပျက်စီးလွယ်၊ ကျိုးလွယ်ပြီး သွားတွေ မည်းညစ် နေတဲ့ အတွက် အလွန်ကို အကြည့်ရ ဆိုးစေပါတယ်။ ရုပ်ရည်ကို လက်ရှိ အသက်ထက် ပိုမိုရင့်ရော် စေနိုင်ပြီး စောစီးစွာ ပါးရေတွန့်ခြင်း၊ မျက်နှာ အရေးအကြောင်းများ ဖြစ်ပေါ်ခြင်းတို့ကို ဖြစ်ပေါ် စေနိုင်ပါတယ်။ ကွမ်းစား ခြင်းကြောင့် ပတ်ဝန်းကျင် ညစ်ပတ် ပေရေစေတာကိုလည်း တွေ့နိုင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ကွမ်းယာ ဆိုင်များကို မြန်မာနိုင်ငံ အနှံ့အပြား လမ်းဆုံလမ်းခွ လူစည်ကားရာ နေရာတိုင်းမှာ တွေ့နိုင်ပါတယ်။ ကွမ်းယာ ဆိုင်များမှာ ကွမ်းယာကို အချို၊ အဆိမ့်၊ ဆေးပါတဲ့ ကွမ်းယာဆိုပြီး ရောင်းကြပေမဲ့ ဆိုင်တိုင်း ကတော့ သုံးမျိုးလုံး မရောင်းဘဲ ဆေးပါတဲ့ ကွမ်းယာကိုသာ ရောင်းကြတာ တွေ့နိုင်ပါတယ်။ ဆေးရွက်ကြီး ကို အရက်၊ ပျားရည်၊ မန်ကျည်းမှည့်တွေနဲ့ နှပ်ထားတဲ့ ဆေးပေါင်း၊ အိမ်နီးချင်း နိုင်ငံတွေက သွင်းလာတဲ့ ကွမ်းစားဆေး မျိုးစုံဖြစ်တဲ့ နိုင်တီတူး၊ ဖိုတီဖိုက်၊ ဆစ်ဂနယ် ဆေးပြင်းတွေကိုပါ ထည့်ပြီး စားသုံးနေကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ကွမ်းစား ဆေးထဲမှာ ပါတဲ့ ဆေးရွက်ကြီးဟာ နီကိုတင်း၊ အမိုးနီးယား၊ ဘင်ဇိုင်း၊ ဆိုင်ယာနိုက်၊ ကာဗွန်မိုနော့ဆိုက်၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ ကတ္တရာဓာတ်စတဲ့ အန္တရာယ်ရှိတဲ့ ဓာတ်ပစ္စည်း မျိုးစုံ ပါဝင်တဲ့အပြင် ကွမ်းကို ငုံထားတတ်ကြတဲ့ အတွက် သွားဖုံးကင်ဆာ ဖြစ်ပွားမှုကိုလည်း မြင့်မားလာ စေပါတယ်။

ကွမ်းစားခြင်းကြောင့် ခံတွင်းထဲရှိ သွေးကြောတွေထဲကို အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေ အလွယ်တကူ ဝင်ရောက်သွားတဲ့ အတွက် သွေးကြောကျဉ်း ရောဂါ၊ သွေးတိုး ရောဂါ၊ နှလုံးရောဂါ၊ လေတစ်ခြမ်း ဖြတ်ခြင်း၊ မျက်စိအာရုံကြော ပျက်နိုင်ခြင်း၊ မျက်စိမှုန်ခြင်း၊ ပါး၊ ပါးစောင်၊ သွားဖုံး၊ လည်ချောင်း၊ လျှာကင်ဆာတွေ ဖြစ်နိုင်ပါတယ်။ မှိုတက်နေတဲ့ ဆေးရွက်ကြီးနဲ့ ကွမ်းသီးတွေကို စားသုံးခြင်းကြောင့်လည်း အသည်းရောင် အသားဝါ ရောဂါ၊ လေထိုးလေအောင့် ရောဂါ၊ ပန်းနာရင်ကျက် ရောဂါ၊ ဆီးအိမ်ကင်ဆာ ရောဂါတွေ ဖြစ်နိုင်တဲ့ အပြင် ကွမ်းစားတဲ့ ကိုယ်ဝန်ဆောင် မိခင်တွေမှာ သန္ဓေသားကို ထိခိုက်တဲ့အထိ အန္တရာယ် ဖြစ်နိုင်ပါတယ်။

ကွမ်းမှာပါတဲ့ ဘင်ဇိုင်းကြောင့် အကြောတက်ခြင်း၊ ချွေးစေးပြန်ခြင်း၊ ပါးစပ်၊ ဆီး၊ ချွေးများအနံ့ဆိုး ထွက်ခြင်း၊ နားလေးခြင်းများပါ ဖြစ်စေနိုင်ပါတယ်။ ထို့အပြင် ကွမ်းစားထုံးကြောင့် သွားတွေ ပွန်းပဲ့ ကျိုးလွယ်တတ်ခြင်း၊ သွားကိုက်သွားနာ ဖြစ်ခြင်း၊ လျှာထူပြီး တော်ရုံအရသာကို မခံစားတတ်ခြင်း၊ အငန် ပိုစားဖြစ်၍ သွေးတိုး ရောဂါကို ဖြစ်စေနိုင်ခြင်း ဆိုတဲ့ ဆိုးကျိုးတွေ ရလာနိုင်ပါတယ်။

ကွမ်းစားသုံးခြင်းဟာ လူထု လူတန်းစားမရွေး ဈေးနှုန်း သင့်တင့်စွာနဲ့ အလွယ်တကူ ဝယ်ယူ စားသုံးနိုင်ခြင်း ကြောင့်လည်း ကွမ်းစားသုံးမှုနှုန်း မြင့်မား လာနေတယ်လို့ ပြောနိုင်ပါတယ်။ ယခင်က အသက် ၄ဝ ကျော် ဝန်းကျင် တွေသာ သွားဖုံးကင်ဆာ ဖြစ်ပွားမှု တွေ့ရှိရသော်လည်း ယခုအခါ ကွမ်းစားခြင်းကြောင့် အသက် ၂၅ နှစ်မှ ၃ဝ ဝန်းကျင်တွေပါ ဖြစ်ပွားနေကြောင်း တွေ့ရှိရပါတယ်။

ဒါကြောင့် မိသားစု ကျန်းမာရေး အတွက် ရောဂါဝေဒနာများမှ တစ်ပါး ဘာကောင်းကျိုးမှ မပေးနိုင်တဲ့ ကွမ်းစားခြင်းဟာ ငွေကုန်ကြေးကျများခြင်း၊ မိသားစုဝင်ငွေ ထိခိုက်ခြင်း၊ ခန္ဓာကိုယ်အတွက် အာဟာရ မဖြစ်ခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းခြင်း၊ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း လူ့အသိုင်းအဝိုင်း အကြား အထင်သေး ခံရခြင်းတွေပဲ ကိုယ့်အတွက် ရလာနိုင်တဲ့ ကွမ်းစားခြင်း ဓလေ့ဆိုးကို အမျိုးသားရေး တာဝန် တစ်ရပ် အဖြစ်သတ်မှတ်ကာ ဝိုင်းဝန်း တားမြစ်ကြဖို့ အချိန်တန်ပြီလို့သာ တိုက်တွန်း ရေးသား လိုက်ရပါတယ်။ ။

No comments:

Post a Comment