Thursday, May 16, 2013

ဆိုင်ကလုန်းမုန်တိုင်း မဟာစင် ဘင်္ဂလားဒေ့ရှ်ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် မေလ ၁၆ ရက်နေ့ ညနေပိုင်းတွင် ကုန်းတွင်းဖြတ်ကျော် ၀င်ရောက်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။အဆိုပါ မုန်တိုင်း၏ဗဟိုချက် သည် ညနေပိုင်း၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့အနီးမှ ကုန်း တွင်းဖြတ်ကျော်  ၀င်ရောက် ခဲ့ခြင်းဖြစ် ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မြေပြိုမှုအချို့ ကြုံတွေ့ခဲ့သည်ဟု သိရှိရ သည်။
''မုန်တိုင်းဗဟိုချက်က ဖြတ်ခဲ့ပြီးပါပြီ။ ညနေ ၃ နာရီဝန်းကျင်လို့ ပြောလို့ရပါတယ်'' ဟု Myanmar Climate Change Watch မှ ဒေါက်တာထွန်းလွင်က ပြောကြားသည်။
ဆိုင်ကလုန်းမဟာစင်၏ ကမ်းခြေ ဖြတ်ကျော်စဉ် လေတိုက်နှုန်းကိုတစ်နာရီလျင် မိုင် ၆၀ မှ ၇၀ ၀န်းကျင် ခန့်မှန်းထားခဲ့သော်လည်း မေလ ၁၆ ရက်နေ့ နံနက်ပိုင်း၌ အားအနည်းငယ် လျော့လာကာ ညနေပိုင်း ကမ်းခြေဖြတ်ကျော် ၀င်ရောက်စဉ်တွင် ခန့်မှန်းထားသည်ထက် လေတိုက်နှုန်း လျော့နည်းခဲ့သည်။
''စစ်တွေမှာတော့ လောလောဆယ် အခြေအနေ ထူးထူးခြားခြား မရှိပါဘူး။ မိုးလည်းမရွာ သလို လေပြင်း လည်းမတိုက်ပါဘူး''ဟု စစ်တွေမြို့ခံ တစ်ဦးက မေလ ၁၆ ရက်နေ့ ညနေပိုင်းက ပြောပြသည်။
လက်ရှိတွင် နိုင်ငံတကာ မိုးလေ၀သနှင့် သဘာဝဘေး ထုတ်ပြန်ရေးဆိုင်ရာ ၀က်ဘ်ဆိုက်များတွင်လည်း မုန်တိုင်းဖြတ်ကျော် ၀င်ရောက်ခဲ့သည့် လမ်းကြောင်းများအား ဖော်ပြထားသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မေလ ၉ ရက်နေ့တွင် လေဖိအားနည်း ရပ်ဝန်းအဖြစ် တည်ရှိနေရာမှ ပိုမို အားကောင်းလာကာ မေလ ၁၀ ရက်နေ့တွင် အပူပိုင်း မုန်တိုင်းအဆင့်သို့ ရောက်ရှိခဲ့သည်။
အပူပိုင်းမုန်တိုင်းသည် ပိုမိုအားကောင်းလာပြီး မေလ ၁၁ ရက်နေ့တွင် ဆိုင်ကလုန်း မုန်တိုင်း အဆင့် သို့ ရောက်ရှိလာခြင်းဖြစ်သည်။ မုန်တိုင်းအခြေအနေသည် မေလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းအထိ အ၀ါရောင် အဆင့်ဖြင့် တည်ရှိနေခဲ့ရာမှ ညနေပိုင်း တွင် လိမ္မော်ရောင်အဆင့်သို့ ရောက်ရှိခဲ့သည်။
မေလ ၁၅ ရက်နေ့ ညနေပိုင်းတွင်မူ ကမ်းခြေသို့ ဦးတည်နီးကပ်လာသည့် အတွက် အနီရောင် အဆင့်သို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။

No comments:

Post a Comment