Tuesday, April 30, 2013

သူရဲဝင်စီးခြင်းဆိုင်ရာ အမေးအဖြေများ ( ပထမပိုင်း)

ဘုန်းဘုန်းရေသိချင်တာ နဲနဲမေးချင်လို့ပါဘုရား။

ဘုန်းဘုန်းတခါကသိုက်အကြောင်းတွေ ရေးဖူးလို့ တပည့်တော် သရဲဝင် ပူးတာနှင့် ပတ်သက်ပြီး မေးချင် ပါတယ်။ ဘာသာရေး အထောက် အ ထားတွေ အရ (သို့) တခြား ခိုင်လုံတဲ့ အထောက် အထားတွေ အရ (သို့) ဘုန်းဘုန်းကိုယ်ပိုင်အတွေ့အကြုံအရ ဖြေပေးစေလိုပါတယ်။တပည့်
တော်သရဲစီးတာနှင့် ပတ် သက်ပြီး ကိုယ်ပိုင် အတွေ့ အကြုံ ပို့စ်တစ် ပုဒ်ရေးချင်လို့ပါဘုရား။အဲဒါမရေးခင်ဘုန်းဘုန်းဆီကသဘောထား အမြင်လေး မေးကြည့် တဲ့သဘောပါ ဘုရား။ ကိုယ်ကြုံ တွေ့ခဲ့ရတာ ကယ် ဖြစ်နိုင် ၏၊ မဖြစ်နိုင် ၏ ချိန်ညှိကြည့်ချင် လို့ပါ ဘုရား။ ဘုန်းဘုန်း အားရင် ပြန်ဖြေပေး ပအုံးနော် ဘုရား။
ရိုသေစွာဖြင့်
ဝိမုတ္တိသုခ
(၁) လူကို သရဲဝင်ပူး တယ်ဆိုတဲ့ ကိစ္စဟာ တကယ်ဖြစ်နိုင်ပါ သလား။
(၁)ဖြေ။ ဖြစ်နိုင် ပါတယ်၊ ဒါပေမယ့် သူရဲ၊ တစ္ဆေဆိုတဲ့ အခေါ် အဝေါ်တွေ ဟာ ဘုရား ဟောစာပေ များမှာတော့ ကမ္မ ဇိဒ္ဓိတန်ခိုး အသင့် အတင့် ရှိကြတဲ့ ပြိတ္တာတွေ ကိုရော၊ မြေပြင် မှာနေတဲ့ ဘုမ္မစိုး နတ်လေး တွေ၊သစ်ပင်မှာနေတဲ့ ရုက္ခစိုး နတ်သေး နတ်မွှားတွေ (နတ်သေး နတ်မွှား ဆိုတာ သူတို့ လဲလူတွေလိုပါပဲ၊တစ်ချို့ ကတောက် တောက်ပြောင်ပြောင်၊ တစ်ချို့က မှိန်စုတ် စုတ်ပုံ စံမျိုးဖြစ်နေ တဲ့ စတုမဟာရာဇ်နတ်ဘုံအနွယ်ဝင်)အားလုံးကို သိမ်းကျုံးရောပြီး ခေါ်တာ၊ ယနေ့ ခေတ်မှသာ သူရဲ တစ္ဆေလို့ အဆင့် ဆင့်ပြောင်းလဲ ခေါ်ခဲ့ကြ တာဖြစ်ပါတယ်၊
တန်ခိုးကြီးမားတဲ့ရုက္ခစိုး၊ ဘုမ္မစိုးတွေကတော့ဝင်မပူးတတ် ကြဘူး၊ ဘာဖြစ် လို့လဲ ဆိုတော့သူ တို့မှာ စား စရာ၊ နေစရာဗိမာန် အားလုံးပြည့်စုံနေလို့ လူတွေဒုက္ခရောက်ရင်သာ ကူညီတတ်ကြ တယ်၊အ လှူပေးခြင်း၊သီလ စောင့်ထိန်းခြင်း၊ ၀ိပဿနာ တရား အားထုတ် ခြင်းစ တာတွေ ကို ကိုယ့် ပတ်ဝန်း ကျင်မှာဘယ်သူမှမသိရင် နေပါစေ၊သူတို့ကသတိထားစောင့်ကြည့်နေပြီးလိုအပ်တာမှန် သမျှအစစ အရာရာ စောင့်ရှောက် ပေး တတ် ကြတယ်။
(၂) အဲဒီလို ၀င်ပူးတဲ့အခါမှာ မူလလူရဲ့ စိတ်ဟာ ဘယ်လိုဖြစ်နေပါသလဲ။
(၂)ဖြေ။ ။ ကိုယ့်မျက်စိ ရှေ့မှာပဲဝင်ပူးခံရသူကိုမေးကြည့် ဖူးတယ်။သူ့စကား အရတော့ အပူးခံ ရသူ ရဲ့ စိတ်က ခန္ဓာကိုယ် အပြင်ပကို ထွက်ပေး ရတယ်၊ ၀င်စီးမယ့် နာနာဘာ ၀ရဲ့ စိတ်က ၀င်လာတယ် လို့ဆိုတယ်၊ သို့သော်ဗုဒ္ဓအဘိ ဓမ္မာ ရှုထောင့် ကနေ သုံးသပ် ရရင် စိတ်က လူ့ခန္ဓာ ကိုယ်ကနေ ဘယ် လို အကြောင်းနှင့်မှ ထွက်ခွါလို့ မရနိုင်ဘူး၊ ထွက်ခွာတယ် ဆိုတာနဲ့သေ တာပဲ၊ လူ တစ်ယောက် သတ္တ၀ါတစ်ယောက်ဟာဘ၀တစ်ခုမှာ-ပဋိသန္ဓေစိတ် စဖြစ်လာ ကတည်း က(မွေးဖွား လာက တည်း က) ခန္ဓာ ကိုယ်နှင့် စိတ်ဟာ ဘာကြောင့် ပဲဖြစ်ဖြစ် ကင်းလို့မရဘူး၊ သေဆုံးချိန်စုတိစိတ် ကျသွား မှသာ တစ်ဘ၀ ချုပ်ငြိမ်း တယ် လို့ ဆိုတယ်
တစ်ချို့လူတွေ သေရွာပြန်- လူသား ဆိုတာ တကယ် သေတာလို့ မဆိုနိုင်ဘူး၊ ခံစားမှု ကင်းတဲ့ သတိ လစ်ခြင်း မေ့မြော ခြင်း ( တရားအားထုတ်သူတွေအတွက် သတိလစ် ချုပ်ငြိမ်းနေခြင်းမျိုး) လို့ ဆိုရင် သင့်လျော်မယ်ထင်တယ်၊ဒီအဘိဓမ္မာအဆိုကို ထောက်ပြီးသူရဲတစ္ဆေ၀င်ပူးချိန်မှာစိတ်ကထွက်ခွါ ပေး ရ တယ် ဆိုရင် ( နိရောဓသမာပတ် ၀င်စားနိုင်သူအနာဂါမ်၊ ရဟန္တာများများမှ လွဲ၍) ကျန်ကာမဘုံ သားသတ္တ၀ါ အားလုံး သေသွားပါလိမ့်မယ်၊အဘိ ဓမ္မာ သဘော အရပြန်လည် အသက် ရှင်စရာ အကြောင်း မရှိ နိုင်ဘူး။
စာပေမှာ အရှင် အာနန္ဒာ ကြီးကို မာနတ်ကြီးက ၀င်ပူးတော့ ကြောက်စရာရူပါရုံကို ဖန်ဆင်းပြတယ်၊ ဒါကိုမြင်တဲ့အရှင်အာနန္ဒာကသတိလက်လွတ်ဖြစ်ကာထိတ်လန့်ပြီး ပါးစပ်ဟမိတယ်၊ ဘုရား ရှင်ပြော စကားကို လိုက် မမှတ်နိုင်ပဲ သတိ လက်လွတ်ငေးမော တွေဝေနေတယ် လို့ ဆိုတယ်၊
အရှင်အာနန္ဒာလို သောတာပန်ပုဂ္ဂိုလ်မို့သာရူပါရုံ လောက်ဖြင့် ခြိမ်းခြောက်နိုင်တာ၊ အခြား ဘုန်းကံ နိမ့်သူများရဲ့နှလုံးသားကိုတော့မာနတ်ကြီးကလက်နဲ့တောင်ဆုပ်ညှစ်ထားနိုင်တယ် လို့ ဆိုတယ်၊ ဒီစာပေနဲ့ အဘိ ဓမ္မာ သဘောနှစ် မျိုး လုံးဟာ တထပ်ထဲ ကျနေတဲ့အတွက် သံသယဖြစ်စရာ မရှိဘူး၊ ၀င်ပူးခံရသူတွေ ပြောကြသလို၊ထင်နေသလိုစိတ်က ခဏလေး ထွက်ခွါ ပေးရတယ် ဆိုတာ မဖြစ်နိုင် ဘူး၊မြန် လွန်း လို့ စိတ် အထင် သက်သက်နဲ့ ပြောကြ တာဖြစ်ပါ လိမ့်မယ်။
(၃)သရဲဝင်စီးခံရတဲ့သူဟာအစီးခံနေရ ချိန်မှာ သူ ဘာဖြစ်နေ တယ်ဆို တာကို သိနေ  နိုင်ပါသလား။
(၃)အဖြေ။ ။ ၀င် မပူးခင်နဲ့ ထွက် သွားပြီးနောက် ပိုင်းမှာပဲ သိနိုင်ပါတယ်၊ ၀င်ပူးနေ ချိန်မှာ သူ့ ဘာဖြစ်နေ တယ် ဆိုတာ မသိတော့ ဘူးလို့ ဆိုတယ်။
(၄) သရဲဝင်စီးနေတဲ့ အချိန်မှာ ခန္ဓာ ကိုယ်က ဘယ် လို ပြောင်းလဲ မှုမျိုးတွေ ဖြစ်နိုင် ပါသလဲ။ ဥပမာ- body temperature အပြောင်းအလဲ၊ မျက်နှာအနေအထား၊ မျက်လုံးအနေအထား၊ စကားပြောပုံ အမူအရာ စသည် ဘယ်လိုမျိုး ဖြစ်နိုင်ပါသလဲ။
(၄)အဖြေ။ ။မိမိရှေ့မှာ မြင်ဖူးသလောက်တော့ ၀င်စီး ခါနီးမှာ အစီး ခံရမယ့် သူက ကောင်း ကောင်း သိပါတယ်၊မျက်နှာအနေအထား၊မျက်လုံးအနေအထား၊ စကားပြော ပုံ အမူ အရာ အားလုံးဟာ တစ် စုံ တစ်ခုကို မြင်ရ လို့ အရမ်း ထိတ်လန့် သည့် ပုံစံမျိုး လည်းမဟုတ်၊ အံ့သြသည့် အမူအရာ၊ ထူးခြား သည့် အမူ အရာ သက် သက်မျှသာ ဖြစ်တယ်၊ အနားပတ်ဝန်း ကျင်က လူတွေကလည်း သူ့ကို တကူး တက စိုက်ကြည့်နေ ချိန်နဲ့ ဆုံရင် ထူးခြား တာကို သိနိုင်ပါ တယ်၊
(၅) သရဲ ၀င်ပူးပြီး အစား တောင်းစားခြင်း၊ ရေတောင်း သောက်ခြင်း စသည် ပြုလုပ်တတ် ပါသ လား။ ထိုသို့ တောင်းစားချိန်မှာ အစားအသောက်ကို မည်သို့စားသောက် တတ်ပါ သလဲ။
(၅)အဖြေ။။ဒီမေးခွန်းကတော့ကျယ်ကျယ် ပြန့်ပြန့်ဖြေမ ဖြစ်မယ်၊လူသေကောင်ကိုဖုတ်ဝင်ပြီး တောင်းစား တာမျိုးဆိုလျင်တိုက်ရိုက်စားတာပေါ့၊တစ်ချို့ကတော့ဝင်ပူး ချိန်မှာ သူ မည် သူမည် ၀ါဖြစ်ကြောင်း၊ ဘယ်မှာ နေကြောင်း၊ ဘာ အစား အသောက် စားချင် လို့ ကျွေးမွေး ပါ၊ ဆိုပြီး ပြောဆိုကာ ထွက် သွား တယ်၊ သူပြောတဲ့ နေရာကို သွားပြီး အစား အသောက်များ သွားပစ် ထားရင် အရင်က မတွေ့ ဖူး မမြင်ဖူး တဲ့ခွေးတကောင်၊ ကြောင် တကောင်က လာရောက်စား သောက် တာမျိုး၊ တခါ တလေ လဲ ဘယ် သတ္တ၀ါမှ မလာပါ ပဲလျက် ယင်ကောင် များ လာရောက် စားသောက် တာမျိုး၊ ထူးခြား ချက် က အဆိုပါ အစား အစာများ ဟာ အဆင်းရော၊ အနံ့ရော လုံးဝမရှိ တော့လောက်အောင် ကုန် ခန်း သွားတာ မျိုးလဲရှိ တယ်။
(၆) ပရ လောက သားများ ဟာ မည်သည့် ဘာသာ စကားကို သုံး စွဲပြောဆို ပါသလဲ။ (သို့မဟုတ်) မည်သည့် ဘာသာစကားနှင့် သူတို့ကို ပြောဆိုလျှင် သူတို့ နားလည်တတ်ပါသလဲ။
(၆) အဖြေ။ ။ ပရလောကသားတွေမှာဘယ်ဘာသာစကားရပ်မှမလိုဘူး လို့မိမိ ကတော့ ယူဆ တယ်၊ သူတို့ရဲ့သဘာဝဘ၀ပေး ကုသိုလ် အခြေ အနေ အရ ကမ္မဇိဒ္ဓိတန်ခိုး ကြောင့် အလိုလိုသိနိုင်တယ်လို့ ယူဆမိ တယ်၊ လူတွေကြား ထဲမှာ ကျင်လည်နေပြီး သူတို့က လူတွေကိုမြင်ရတယ်၊ လူတွေက သူတို့ ကို မမြင်နိုင် ဘူး ဆိုကတည်းက တန်ခိုးအသင့်အတင့်ရှိတယ် ဆိုတာ မြင်နိုင်ပါတယ်၊
ဟိုတလောက သတင်းလေး တစ်ခုကြားလိုက်မိတယ်၊အနောက်ဥရောပ အင်္ဂလန်နိုင်ငံဖြစ် မယ် ထင် တယ်၊အဲဒီမှာခရစ်ယာန်ဘာသာဝင်မိသားစုအိမ်မှာအိမ်သားတစ်ယောက်မကျွတ်မလွတ်ပဲသူရဲဖြစ်နေ တယ်တဲ့၊ခရစ်ယာန်ဓလေ့ထုံးစံအရနည်းမျိုးစုံသုံးကာပထုတ်သော်လည်း ပုံမှန်ပဲ ဆက်လက်ခြောက် လှန့်နေ ခဲ့တယ်၊
နောက်တော့ မြန်မာ လူမျိုးဗုဒ္ဓဘာသာ အမျိုးသမီးတယောက်နဲ့တွေ့ပြီး အကူအညီတောင်း ရာက သံဃာ လေးပါးပြည့်အောင်တကူးတကပင့်ဆောင်ပြီးပရိတ်ရွတ်၊ကမ္မ၀ါစာဖတ် ပေးလိုက်တော့ကျွတ် လွတ်သွားတယ်လို့ သိရတယ်၊ နောက်ပိုင်းတော့ အဆိုပါ ခရစ်ယာဉ်အမျိုးသမီးဟာ ဘာ သာပြောင်း လာပါသတဲ့၊ ဒါကိုထောက်ဆပြီး မြန်မာဘုန်းတော်ကြီးများ ရွတ်ဖတ်တဲ့ပရိတ်၊ ကမ္မ၀ါစာများကို နား မ လည်ဘူး ဆိုလျင် ကျွတ် လွတ် စရာအကြောင်းမရှိဘူး၊ နားလည်လို့သာလျင် ကျွတ်လွတ်တယ်လို့ သုံးသပ် မိတယ်၊

နောက်တစ်ချက်ကဂုဏ်တော်ပွား၊ပုတီးစိပ်စသောအကျင့်စရဏကိုနှစ်ပေါင်းများစွာအားထုတ်နေ   သော ကျာင်းထိုင်ဘုန်းကြီး တစ်ပါးရဲ့ အတွေ့ အကြုံ ကလဲ အံ့သြစရာပဲ၊ အဲဒီဆရာတော် က နေရာ အရပ်ဒေသတစ်ခုခု၊အိမ်၊ ကျောင်း၊ ရွာ စသည်ဘယ်နေရာပဲ ရောက်နေပါစေ၊ ဥပမာ-သူနဲ့ ဆက်စပ် တဲ့အိမ်တစ် အိမ် ဆိုပါစို့၊ ကြွသွားလျင် မကျွတ် မလွတ်တဲ့သူတစ်ယောက်ယောက်ရှိနေလျင် အလိုလို သိရပါသတဲ့၊မကျွတ်မလွတ်သူ တောင်မဟုတ်ဘူး၊ဘီလူးတို့၊ရုက္ခစိုးတို့စတာတွေရှိနေရင်လဲ သိရ တယ် တဲ့၊ အဲဒီလို ပုဂ္ဂိုလ်တွေနဲ့ အမြဲတမ်းဆက်သွယ်နေရတာ များတယ် လို့ ဆိုတယ်။

တနေ့မှာ အိမ်တစ်အိမ်ကို ဆွမ်းစားကြွရင်း သီလပေးရေစက်ချ တရားဟောနေတုံးပေါ့၊ မျက်စိ မှိတ်ပြီး သီလ ပေးတာ မပြီးသေးဘူး၊ အိမ်မကြီး တံခါးဝမှာ လူရွယ်တစ်ယောက် ပုဂံခေတ်က အ၀တ် အစားမျိုးတွေ ၀တ် ဆင် ထားပြီး မတ်တပ်ရပ်နေတာကို မျက်စိမှိတ် ထားရင်းက မြင်နေရတယ်တဲ့၊ သူလဲ လာပြီးတရားနာ ချင်ပါ တယ်၊ ခွင့်ပြုပါ တဲ့၊ ပါးစပ်လှုပ်ရုံမျှသာ လှမ်းစကားပြောနေတာနော်၊ ဒါကို ပါးစပ်က သီလပေးနေတဲ့ ဆရာတော် ကလဲ မြင်တယ်၊ စိတ်နဲ့ပဲပြန်ဖြေလိုက်တယ်၊ လာခဲ့ပါ၊ ရပါ တယ်ပေါ့၊ သူတစ်ယောက်ထဲ မဟုတ် ဘူး၊ အဖော် တစ်ယောက် ပါလာသေးတယ် ဆိုတော့ ရ တယ် နှစ်ယောက်လုံးလာနိုင်ပါတယ်ဆိုပြီးခွင့်ပြု လိုက် တယ်၊ စိတ်ချင်းပဲ စကားပြောနေ တာ နော်၊  ပါးစပ်ကတော့ သီလပေးနေတာ..
ခွင့်ပြုချက်လဲ ရပြီးရော.. မိန်းကလေးတစ်ယောက်နဲ့အတူဝင်လာပြီး ပရိသတ်ရှေ့ဆုံး ဆရာတော့်ရှေ့ တည့်တည့်နားအထိလာထိုင်တယ်၊ ထိုင်ပြီးတာနဲ့ မြင်ကွင်းက ပျောက်သွား တယ်၊ နောက် ထပ်မမြင် ရတော့ဘူးတဲ့၊ပရိသတ်လဲတယောက်မှမသိလိုက်ဘူးလို့အဲဒီဆရာတော်ကိုယ်တိုင်ပြောပြဖူးတယ်။ဒီအ ချက် ကိုထောက် ဆလျင် ပရလော ကသား တွေအတွက် ဘယ်ဘာသာ စကားမှ မလိုအပ်ဘူး လို့ ယူဆ မိပါ တယ်။
(၇) သူတို့တွေ အနေနှင့် မိမိ တို့နှင့် အယူဝါဒ၊ ဓလေ့ထုံး စံမ တူညီသော အခြား ဘာသာ၊ လူမျိုး တစ်ခုရဲ့  ဓလေ့ ထုံးစံ များကို နားလည် သိရှိနေ တတ်ပါ သလား။
(၇) အဖြေ။ ။ အထက်က ခရစ်ယာန်မိသားစုအဖြစ်အပျက်ကို ထောက်ဆရင် နားလည်ပြီး သား ဖြစ်နိုင် တယ်လို့ ယူဆသင့်တယ်၊
(၈) သရဲစီးရာမှ ပြန်ထွက်သွားတဲ့အခါမှာ မူလအစီးခံရတဲ့ လူရဲ့  ခန္ဓာကိုယ်အခြေအနေ၊ သူပြန် သတိရပုံ စတာတွေ ဘယ် လိုမျိုးရှိ တတ်ပါ သလဲ။
(၈)အဖြေ။ ။အခြား သူတွေ အတွေ့ အကြုံနဲ့ ခြားနားနေ မလား မသိဘူး၊ မိမိအတွေ့ အကြုံအရတော့ ၀င်မစီးခင်မှာဝင်စီး မယ့်သူ ရဲ့မျက်နှာမှာ တစ်ခုခုဖြစ်တော့မည့်ဟန် အနေဖြင့် ထူးခြားလာပြီး ခန္ဓာ ကိုယ်ကအရုပ်ကြိုးပြတ်ပမာလူသေကောင်ပမာလဲကျသွားတယ်၊အလွန်ဆုံး နှစ်စက္ကန့်လောက်ပဲကြာ မယ် ပြန်လည်အသက်ဝင်လာပြီးစကားပြောတယ်၊ပြီးလျင် ပြန်ထွက်တော့မယ် ဆိုတဲ့အကြောင်းေ  ပြာ ပြီး စက္ကန့် ပိုင်းအတွင်း ဘုန်းကနဲ ခန္ဓာကိုယ်ကြီးက လဲကျ သွားပြန်တယ်၊ ၂စက္ကန့်လာက်ပဲ ကြာ ပြီးရင် သတိရ လာတယ်၊ ဒါပေမယ့်သူတို့ကို မေးရင် ဘာမှ မသိလိုက်ဘူး လို့ပဲ လူတိုင်း က ဖြေလေ့ ရှိကြတယ်။
(၉) သရဲ စီးနေစဉ် ပတ်ဝန်း ကျင်မှာ ရှိနေ တဲ့သူတွေ မှာရော ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာ ပြောင်း လဲမှု များ ရှိတတ်ပါ သလားဘုရား။
(၉)အဖြေ။ ။ လူတစ်ချို့ ကတော့ ကြက်သီးမွေး ညှင်းထ လာတာမျိုး၊ အကြောင်းမဲ့ စိတ်ခံစား မှုထူးခြား လာတာ မျိုး စ တဲ့ထူးခြား မှုလေးတွေ ပေါ် တတ်တယ် လို့ ဆိုကြတယ်၊ ကိုယ်တိုင်ကြုံ ဖူးတာတော့ တစ်ခုခု ထူး တော့ မယ် ဆိုတာ သိ လိုက်တယ်၊ အနားမှာ ထိုင်နေရင်း အန္တရာယ်ပေး ခဲ့ရင် ကြို တင်ကာ ကွယ် ရအောင် ခန္ဓာ ကိုယ် ကလဲ အသင့်အနေ အထား လုပ်နေခဲ့မိတယ်၊ ပါးစပ် က လဲ သမ္ဗုဒ္ဓေဂါထာရော၊ သရဏဂုံ သုံးပါးရော ရွတ်ဆိုနေမိတယ်၊ မိမိအတွက်တော့ ဘာမှ ထူးထူးခြားခြား မပြောင်းလဲခဲ့ပါဘူး။
စာကြွင်း။ ။ (ဒုတိယပိုင်း) ကို ဆက်လက်ဖတ်ရှုမှသာ အဖြေအားလုံးကို ခြုံငုံသုံးသပ်ကာ ပြည့်ပြည့်စုံစုံ နား လည်နိုင် မှာဖြစ် ပါတယ်၊
မေတ္တာဖြင့်...
အရှင်သုနန္ဒာလင်္ကာရ
M.A ( ပန်းကမ္ဘာ )

No comments:

Post a Comment